ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ၆ ထပ်ကြီး ကျောင်းတိုက်ဝင်းအတွင်း ချိတ်ပိတ်ခံထားရ
သော ကျောင်းတိုက် နှစ်ခုအား ဆရာတော် အရှင်ဂမ္ဘီရ က အင်္ဂါနေ့ နံနက် ၉ နာရီခွဲခန့်တွင် ပြန်ဖွင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ချိတ်ပိတ်ခံထားရသော ကျောင်းတိုက်များမှာ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်နှင့် သာသနာ့သိပ္ပံ
ကျောင်းတိုက်တို့ ဖြစ်ကြောင်း ၆ ထပ်ကြီး ကျောင်းတိုက်ဝင်းမှ သံဃာတော်တပါးက မဇ္စျိမကို ပြောသည်။
၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး ချိတ်ပိတ်ခံထားရသော ရန်ကုန်မြို့ ၆ ထပ်ကြီးဝန်းအတွင်းမှ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်အား အရှင်ဂမ္ဘီရ က ၁၇.၁.၂ဝ၁၂ ရက်နေ့က လာရောက်၍ သော့ဖျက် ဖွင့်ပေးသွားသည်။ (ဓါတ်ပုံ မဇ္စျိမ)
၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုခေါင်းဆောင် ကိုယ်တော်တပါးဖြစ်သည့် အရှင်ဂမ္ဘီရမှာ နှစ်ရှည်ထောင်ဒဏ် ကျခံထားရရာမှ ဇန်နဝါရီ ၁၃ ရက်နေ့တွင် သရက်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနှင့် ပတ်သက်သည်ဟုဆိုကာ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်အား ၁.၁၁.၂ဝဝ၇ ရက်နေ့က လည်းကောင်း၊ သာသနာ့သိပ္ပံကျောင်းတိုက်အား ၁၃.၆.၂ဝဝ၈ ရက်နေ့က လည်းကောင်း နအဖ အစိုးရက ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်။
ယင်း ကျောင်းတိုက်နှစ်ခုမှ ဆရာတော် နှစ်ပါးလုံးမှာ ကင်ဆာရောဂါဖြင့် ပျံလွန်တော်မူသွားကြကြောင်း သာသနာ့ သိပ္ပံ ကျောင်းတိုက်မှ ဦးကုသလ က မဇ္စျိမကို မိန့်ကြားသည်။
“ဦးဇင်းတို့လည်း တပတ်လောက် ဖမ်းခံရတာပဲ။ လွတ်လာတော့ ကျောင်းမှာ နေစရာ မရှိတော့ဘူး။ ဟိုမှာနေလိုက်၊ ဒီမှာနေလိုက်ပေါ့။ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်မှာ သံဃာ ၈ ပါး ရှိတယ်။ ကျောင်းထိုင်ဆရာတော်ကတော့ အဖမ်းမခံရဘူး။ ဒါပေမယ့် ကျောင်းကို ချိတ်ပိတ်တာဆိုတော့ ဟိုမှာနေလိုက် ဒီမှာနေလိုက်ပေါ့။ အခုတော့ ပြီးခဲ့တဲ့ နှစ်ကပဲ ကင်ဆာရောဂါနဲ့ ပျံလွန်သွားပါပြီ။ ကျောင်းတိုက် တခုလုံးက သံဃာတွေ ဖမ်းခံရတာက လွတ်လာတော့ လည်း နယ်တွေကို ပြန်ကြွရတာပေါ့”ဟု မိန့်ကြားသည်။
ချိတ်ပိတ်ခံ ကျောင်းတိုက် နှစ်ခုလုံးကို ပြန်လည်ဖွင့်ပေးရေးအတွက် နအဖ လက်ထက်က ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ထံသို့ တကြိမ်၊ ယခု အစိုးရသစ် ရန်ကုန်ဝန်ကြီးချုပ်ထံသို့ တကြိမ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထံသို့ တကြီမ် စာတင်ပြီး တောင်းဆိုခဲ့သော်လည်း အကြောင်း မထူးကြောင်း ဦးကုသလ က မိန့်သည်။
၆ ထပ်ကြီး ကျောင်းတိုက်ဝင်းတွင် ၂ဝဝ၇ ခုနှစ် မတိုင်မီက သံဃာအပါး ၁ဝဝဝ ကျော်ခန့် ရှိကြောင်း၊ ရွှေဝါရောင် လှုပ်ရှားမှု နောက်ပိုင်း သံဃာများအား လက်မခံရဲတော့ သည့်အတွက် အပါး ၃ဝဝ ကျော်သာ ကျန်ရှိတော့ကြောင်း ကိုယ်တော်တပါးက မိန့်သည်။