ဗြိတိန် Standard Chartered ဘဏ် မြန်မာပြည်မှာ လုပ်ကိုင်လို

ဗြိတိန် Standard Chartered ဘဏ် မြန်မာပြည်မှာ လုပ်ကိုင်လို
by -
မဇ္ဈိမ

 ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ် William Hague မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ဗြိတိသျှ ဘဏ်ကြီးတခုဖြစ်သည့် Standard Chartered Plc က မြန်မာနိုင်ငံကိုပြန်လည်ဝင်ရောက်လိုကြောင်းပြောဆိုလိုက်သည်။

အမေရိကန်နှင့်ဗြိတိန်တို့ရဲ့ စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းလိုက်ပါက မြန်မာနိုင်ငံကို ပြန်လည်သွားရောက် လုပ်ကိုင်လိုကြောင်း Standard Chartered ဘဏ် အာရှ အမှုဆောင်အရာရှိချုပ် Jaspal Bindra က ဟောင်ကောင်တွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျနော်တို့ မြန်မာပြည်မှာ ကာလအတော်ကြာ လုပ်ကိုင်ခဲ့ဖူးပါတယ်။ ခုလည်း ပြန်လုပ်ရမယ်ဆိုရင် အလွန်ဝမ်းသာမိမှာပါ။ ကျနော်သာ အလောင်းအစားသမားဆိုရင် ဒီနှစ် ၂၀၁၂ မှာ မြန်မာဟာ ပိတ်ဆို့မှုစာရင်းကနေ ပယ်ဖျက်သွားလိမ့်မယ်လို့ ပြောချင်ပါတယ်” ဟု Jaspal Bindra အား ကိုးကား၍ Bloomberg စီးပွားရေး အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါဘဏ်ကြီး၏ အမြတ်အစွန်း သုံးပုံနှစ်ပုံကျော်မှာ အာရှဒေသမှဖြစ်ပြီး မြောက်ကိုရီးယားနှင့်မြန်မာမှလွဲ၍ အာရှနိုင်ငံတိုင်းတွင် စျေးကွက်လည်ပတ်လျက်ရှိသည်။

မြန်မာအစိုးရအနေနှင့် ဖိနှိပ်ချုပ်ချယ်မှုများ လျှော့ပေါ့သည့် ခြေလှမ်းများ ဆက်လက်ပြုလုပ်ပါက နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်နိုင်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန် က ဒီဇင်္ဘာလ မြန်မာခရီးစဉ်အတွင်း ကတိပေးခဲ့သည်။

သို့သော် နှစ်ဆန်းပိုင်းက ကြေညာလိုက်သော မြန်မာသမ္မတ၏ “လွတ်ငြိမ်းချမ်းသာခွင့်” အမိန့်အပေါ် အမေရိကန်အစိုးရအနေဖြင့် စိတ်ပျက်မိကြောင်း ၀ါရှင်တန်က အင်္ဂါနေ့က တုန့်ပြန်ထားသည်။

မြန်မာနိုင်ငံကို ရောက်ရှိနေသည့် မစ္စတာဟိတ်ကလည်း ဗြိတိန်အနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာသည်ကို မျှော်လင့်ပြီး လာမည့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲကိုလည်း အများ ယုံကြည်လက်ခံနိုင်သည့် ရွေးကောက်ပွဲဖြစ်စေလိုကြောင်း ပြောသည်။ ထို့ပြင် နယ်စပ် တိုင်းရင်းသားဒေသများ၌ ဘေးဒုက္ခများအား ငြိမ်းချမ်းရေးဆွေးနွေးမှုများ၊ လူသားချင်းစာနာသော ထောက်ပံ့မှုများဖြင့် သက်သာစေလိုကြောင်းလည်း နေပြည်တော်ရှိ အစိုးရခေါင်းဆောင်များနှင့် ကြာသပတေးနေ့က တွေ့ဆုံရာတွင် အလေးထားပြောဆိုခဲ့သည်ဟု ၎င်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Most read this week