မှားယွင်းတဲ့ စနစ်ကို ပြည်သူ လက်မခံဘူးဆိုတာ ပြလိုက်တာ

မှားယွင်းတဲ့ စနစ်ကို ပြည်သူ လက်မခံဘူးဆိုတာ ပြလိုက်တာ
by -
မဇ္စျိမ

အဲ့ဒီအခန်းဖြတ်’ ရုပ်ရှင် ဇာတ်လမ်းတို ပရိတ်သတ် အကြိုက်ဆုံး ဆုရရှိခြင်းသည် မြန်မာနိုင်ငံ ဝန်ကြီးဌာနများမှ ဝန်ထမ်းအချို့၏ လုပ်ရပ်များကို အများပြည်သူမှ လက်မခံကြောင်း ပြသသည့် ပြယုဂ်
ဖြစ်သည်ဟု ဒါရိုက်တာဝိုင်း က ပြောသည်။

freedomfilm4"ကျနော်တို့ ရုပ်ရှင်လောကမှာ ဖြစ်နေတာတွေ မှားယွင်းတဲ့ စနစ်တခုကို ပြည်သူထု ပရိသတ်က လက်မခံတဲ့ ပြယုဂ် တခုပါ။ ကျနော်တို့နိုင်ငံရဲ့ မှားယွင်းတဲ့ စနစ်တွေရယ် ဝန်ကြီးဌာနတိုင်း ဝန်ကြီးဌာနတိုင်းက ကိုယ့်ဘာသာ ကိုယ် ကာကွယ်နေတာတွေကို ပြည်သူလူထုက လက်မခံဘူးဆိုတာကို ပြသတဲ့ ပြယုဂ်တခုလို့ ကျနော်ထင်ပါတယ်" ဟု ဝိုင်း က မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင်စင်တာတွင် ပြုလုပ်သည့် ရုပ်ရှင်ပွဲတော် တွင် ပရိသတ်အကြိုက်ဆုံး ရုပ်ရှင်ဇာတ်လမ်းကို ရွေးချယ်ရာတွင် မဲပေးသူ တသောင်းကျော် အနက် ရ,ဝဝဝ ကျော် က အကြိုက်ဆုံးကားအဖြစ် ‘အဲ့ဒီအခန်းဖြတ်’ ဇာတ်ကားကို ရွေးချယ် မဲပေးခဲ့ခြင်းဖြစ်သည်။

‘အဲ့ဒီအခန်းဖြတ်’သည် ပြန်ကြားရေး၊ ပြည်ထဲရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ သာသနာရေးစသည့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဖွဲ့စည်းထားသည့် ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့မှ ယင်းတို့ကိုယ်စားပြုသည့် ဝန်ကြီးဌာနကို ထိခိုက်စေ မည့် ပြကွက်များ စိစစ်ဖြတ်တောက်ပုံကို သရုပ်ဖေါ် ရိုက်ကူးထားခြင်းဖြစ်ရာ ပရိသတ် အကြိုက်တွေ့ခဲ့ခြင်းဖြစ်သည်။

The art of freedom film festival ဟုအမည်ပေးထားသော လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်သည် လွတ်လပ်ခြင်း၏ အနှစ်သာရနှင့် “လွတ်လပ်ခြင်း” ဟူသည့် အဓိပ္ပါယ်ကို ထင်ဟပ်စေသည့် ရုပ်ရှင်ဇာတ်လမ်းများကို ရိုက်ကူးတင်ဆက်စေခြင်းဖြစ်သည်။
photo2
ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး ရုပ်ရှင်ဇာတ်လမ်းတိုဆုကို ဒါရိုက်တာမင်းသိုက် ၏ ‘ကြိုး’၊ အကောင်းဆုံး Animation ဆုကို ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း ၏ ‘Freedom and unity’၊ အသက်အငယ်ဆုံး ဒါရိုက်တာဆုကို
‘Still in the dark’ ဇာတ်ကားဖြင့် ၁၉ နှစ်အရွယ် ဒါရိုက်တာ အောင်ဇော်မိုး၊ အကောင်းဆုံး မှတ်တမ်းရုပ်ရှင် (Documentary film) ဆုကို ဒါရိုက်တာ စိုင်းကျော်ခိုင် ၏ ‘Click In Fear’ နှင့် ပရိသတ် အကြိုက်ဆုံး ရုပ်ရှင်ကား ကို ဒါရိုက်တာ ဝိုင်း ‘အဲ့ဒီအခန်းဖြတ်’ ရုပ်ရှင်ကားတို့ ရရှိခဲ့ကြသည်။

ဒါရိုက်တာများက ပေးပို့လာသည့် ၁၈၈ ကားမှ ဆန်ကာတင် ၅၄ ကားရွေးချယ်ကာ အထက်ပါ ရုပ်ရှင် ၅ ကားကိုရွေးချယ် ဆုပေးခဲ့ခြင်းဖြစ်သည်။

"ကျနော်တို့ ရွေးချယ်တဲ့ ၅ ကားလုံးက အဲဒီ Freedom ဆိုတဲ့ အဓိပ္ပါယ်ကို သူတို့အနုပညာ၊ သူတို့ အတတ်ပညာနဲ့ဖေါ်ဆောင်နိုင်တယ်လို့ ကျနော်ယုံကြည်ပါတယ်" ဟုလည်း ဆုရွေးချယ်ရေး ကော်မတီဝင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။

ပွဲတော်မတိုင်ခင် ရုပ်ရှင်ကားအချို့ အင်တာနက်ပေါ်တွင် ပြန့်နှံ့လာခဲ့ရာ ပြိုင်ပွဲစည်းကမ်းနှင့် မညီခြင်းကြောင့် ပယ်ဖျက်ရန် စဉ်းစားခဲ့သော်လည်း ကာယကံရှင်များ၏ ဖြေရှင်းစာ ရေးသားပေးပို့မှုကြောင့် ပြန်လည် လက်ခံခဲ့ခြင်း ဟုလည်း မင်းထင်ကိုကိုကြီးက ပြောသည်။

"နောက်နှစ်တွေမှာတော့ ကျနော်တို့ စည်းကမ်းချက်တွေကို ပိုပြီးတော့ တင်းတင်းကျပ်ကျပ် လုပ်သွားမှာ ဖြစ်ပါ တယ်။ ဒီဟာကတော့ ကျနော်တို့ ပထမဆုံး ရုပ်ရှင်ပွဲတော်ဖြစ်လို့ လျှော့ပေးထားပါတယ်" ဟုလည်း သူက ပြော သည်။

ဆုရရုပ်ရှင်ကားများကို အတိုက်အခံခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည် ကိုယ်တိုင် ဆုချီးမြှင့်ခဲ့ပြီး ဆုကြေးငွေမှာ တကားချင်းစီအတွက် ကျပ်ငွေ ၁ဝ သိန်း ဖြစ်သည်ဟုလည်း သိရသည်။ ပြိုင်ပွဲတွင် ဆုရရှိသည့် ရုပ်ရှင်ဒါရိုက်တာ သုံးဦးကို အခြား ရုပ်ရှင်ကားများ ထုတ်လုပ်နိုင်ရန် ဂျာမဏီနိုင်ငံမှ ရုပ်ရှင်ဒါရိုက်တာများနှင့် ရုပ်ရှင်ပညာရှင်များက အမေရိကန်ဒေါ်လာ ၅,၀၀၀ စီ ပံ့ပိုးပေးမည် ဖြစ်ပြီး ထိုမှ ထုတ်လုပ်လိုက်သည့် ရုပ်ရှင်ကားများကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များသို့ ပေးပို့ ယှဉ်ပြိုင်စေမည် ဖြစ်သည်။

ဆန်ကာတင် ရွေးချယ်ခံခဲ့ရသည့် ရုပ်ရှင်ကား ၅၄ ကားမှ ဒါရိုက်တာများထဲမှ ၂၀ ဦးကို ရွေးချယ်ကာ ယခုလ ၁၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရန်ကုန်မြို့ အမေရိကန် စင်တာတွင် အလုပ်ရုံ ဆွေးနွေးပွဲတခု ပြုလုပ်မည်ဟုလည်း သိရသည်။

‘လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်’ တွင် ပရိသတ်အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကားဆု ရရှိခဲ့သည့် ဒါရိုက်တာဝိုင်း က "ကျနော်ကတော့ လောလောဆယ်မှာ ပီတိဖြစ်နေတယ်။ ဝမ်းသာနေတယ်။ Youtube ပေါ်မှာကြည့်တဲ့ ပရိသတ်တွေကော ကျနော့်ရဲ့ ပရိသတ်အားလုံးကို Special Thanks ပါ" ဟု မဇ္ဈိမကို ပြောဆိုသွားခဲ့သည်။