မိုဘိုင်းဖုန်း sim card တခုလျှင် မြန်မာငွေ ကျပ် ၅၀၀၀ ဖြင့် မတ်လအတွင်း စတင် ရောင်းချနိုင်တော့မည် ဖြစ်သည်ဟု ရွှေပြည်တံခွန် ကုမ္ပဏီက အင်္ဂါနေ့က ပြောကြားလိုက်သည်။
ရန်ကုန်မြို့ Park Royal တွင် နံနက် ၁ဝ နာရီက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ရွှေပြည်တံခွန် ဥက္ကဋ္ဌနှင့် မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“စီမံကိန်း ပါဝင်သည့်ဒေသများမှာ ပထမနှစ် အနေဖြင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ ပါဝင်ပြီး
နေပြည်တော်နှင့် မန္တလေးတိုင်း ဒေသကြီးတို့ကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်” ဟု သတင်းစာ ရှင်းလင်းချက်ကို ဖတ်ပြသည်။
မိုဘိုင်းဖုန်း sim card တခုလျှင် မြန်မာငွေ ကျပ် ၅၀၀၀ ဖြင့် မတ်လအတွင်း စတင် ရောင်းချနိုင်တော့မည်ဟု ရွှေပြည်တံခွန် ကုမ္ပဏီက ပြောကြား
3G sim card တသန်းကို ပထမ ၆ လအတွင်း ရောင်းချသွားမည်ဖြစ်ပြီး 4G အား တနှစ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ကာ ငါးနှစ်အတွင်း သန်း ၃၀ ထုတ်လုပ်သွားမည်ဟုလည်း ဆိုသည်။
ဤ sim card များ သုံးစွဲနိုင်ပါက ဖုန်းသုံးစွဲခသည် တမိနစ်လျှင် မြို့တွင်း ၂၅ ကျပ်နှင့် နယ်ဝေး ကျပ် ၃ဝ ဖြစ်မည်ဟု သိရသည်။
Universal Mobile Telecommunication System (UMTS) ဟုခေါ်သည့် ယင်းမိုဘိုင်းဖုန်းစနစ်ကို ဂျပန်နိုင်ငံတွင် ၂ဝဝ၁ ခုနှစ်တွင် စတင်သုံးစွဲခဲ့ပြီး အမေရိကန်နှင့် ဥရောပတွင် ၂ဝဝ၄ ခုနှစ်က စတင်သုံးစွဲခဲ့ကာ မြန်မာနိုင်ငံတွင် ယခုနှစ်ဆန်းပိုင်းတွင် သုံးစွဲနိုင်ရန်စီစဉ်နေသည်ဟု ပြောသည်။
ရွှေပြည်တံခွန် ကုမ္ပဏီ၏ ရှယ်ယာများမှာ အစိုးရက ၄ဝ %၊ ကုမ္ပဏီက ၃ဝ % နှင့် ပြင်ပသို့ ၃ဝ % ရောင်းချ သွားရန် စီစဉ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်ထွက်ပေါ်လာခဲ့သည့် သတင်းအရ မြန်မာနိုင်ငံတွင် တန်ဖိုးနည်း မိုဘိုင်းဖုန်း sim card များကို ကျပ်သုံးသိန်းခန့်ဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဇန်နဝါရီလကုန်ပိုင်းတွင် ရောင်းချမည်ဟု သတင်းများ ထွက်ခဲ့သော်လည်း စျေးနှုန်းများစွာ ကွာခြားသည့် ယခု ကတ်များကိုသာ စောင့်ဆိုင်း ဝယ်ယူဖွယ် ရှိကြောင်း သုံးသပ်သူများက ပြောသည်။
လက်ရှိတွင် ကျပ်ငါးသိန်းတန် sim card များကို ဦးတေဇပိုင် အီးလိုက် ဆက်သွယ်ရေးကုမ္ပဏီက တခုလျှင် ကျပ်ငါးသိန်းဖြင့် ရောင်းချပေးနေသည်။