ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျော့ဆိုးရော့စ် တွေ့

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျော့ဆိုးရော့စ် တွေ့
by -
မဇ္ဈိမ

ချင်းမိုင် (မဇ္စျိမ) ။       ။ အမေရိကန် အခြေစိုက် Open Society Institute (OSI) ကို ထူထောင်သူ ဂျော့ဆိုးရော့စ် George Soros သည် ဒေါ်အောင်ဆန်းစုကြည်အား တက္ကသိုလ်ရိပ်သာလမ်း သူမနေအိမ်တွင် တနင်္လာနေ့ ညပိုင်းက သွားရောက် တွေ့ဆုံခဲ့ကြောင်း NLD အသိုင်းအဝိုင်းက ပြောသည်။

တနာရီကြာ တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးကိစ္စဖြစ်သဖြင့် ဆွေးနွေးချက်များကို ဗဟိုဌာနချုပ် မှ မသိရသော်လည်း ပညာရေးကိစ္စများ ပါနိုင်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ယူဆသည်။
davos
ဂျော့ဆိုးရော့စ် George Soros သည် ဒေါ်အောင်ဆန်းစုကြည်အား တက္ကသိုလ်ရိပ်သာလမ်း သူမနေအိမ် တွင် သွားရောက် တွေ့ဆုံ (ဓါတ်ပုံ wikipedia.org)

“ဒီပုဂ္ဂိုလ်က သူ့ရဲ့အတွေးအခေါ်မှာ ဆင်းရဲတဲ့ လူတွေကို ပေးဖို့ကမ်းဖို့တို့၊ နိုင်ငံငယ်တွေကို ပေးကမ်းဖို့၊
ကျောင်းသားတွေကို ပေးဖို့ကမ်းဖို့တို့၊ ကျနော်ထင်တယ် အခု ဒေါ်စုကလည်း ပညာရေးကိစ္စကို တော်တော် စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဒီကိစ္စမျိုးတွေ ဆွေးနွေးနိုင်မယ်လို့ ယူဆ တယ်ဗျ” ဟု ဦးဝင်းတင်က မဇ္စျိမကို
ပြောသည်။

သမ္မတဦးသိန်းစိန်နှင့်လည်း ၎င်းနေ့မနက်ပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း ဂျော့ဆိုးရော့စ်နှင့် ရန်ကုန်တွင် တွေ့ဆုံခဲ့သူ သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်က ပြောသည်။

ဒီဇင်ဘာ ၂၆ ရက်နေ့ကတည်းက မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်နေသည့် ဂျော့ဆိုးရော့ သည် အင်းလေးဒေသသို့ သွားရောက်လည်ပတ်ခဲ့ပြီး တနင်္လာနေ့ ညကပင် ကိုယ်ပိုင်လေယာဉ်ဖြင့် ပြန်လည် ထွက်ခွာ သွားပြီ ဖြစ်သည်။

အမေရိကန်အခြေစိုက် OSI ကို ဂျော့ဆိုးရော့စ်က ၁၉၉၃ ခုတွင် ထူထောင်ခဲ့သည်။ ယခုအခါ ဥရောပ၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့ရှိ နိုင်ငံ ရဝ ကျော်တွင် ရုံးခွဲများထားရှိပြီး လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ သတင်းလွတ်လပ်ခွင့်တို့အတွက် အမေရိကန် ဒေါ်လာ သန်း ၈၀၀၀ ကူညီခဲ့ပြီးဖြစ်ကြောင်း အဖွဲ့က ထုတ်ပြန်ထားသည်။

Most read this week