ပါရမီ ယာဉ်မောင်းများ၏ တောင်းဆိုချက် ဦးပိုင်လိုက်လျော

ပါရမီ ယာဉ်မောင်းများ၏ တောင်းဆိုချက် ဦးပိုင်လိုက်လျော
by -
ညီသစ်၊ ကျော်ခ

စစ်ဗိုလ်ချုပ်များ ဦးစီးထားသည့် မြန်မာ့စီးပွားရေး ဦးပိုင် လီမီတက်က ‘ပါရမီ’ တက္ကစီ အငှား ယာဉ်မောင်းများအပေါ် တင်းကြပ်ထားသည့် စည်းမျဉ်းများကြောင့် ယာဉ်မောင်းများက ဆန္ဒပြ
တောင်းဆိုတော့မည် အရေးနှင့် ရင်ဆိုင်လိုက်ရပြီး အရေးပေါ် အစည်းအဝေးခေါ်ကာ ညှိနှိုင်းသဘော တူပေးခဲ့ရ သည်။

ရန်ကုန်၊ ချင်းမိုင်(မဇ္ဈိမ) ။       ။ စစ်ဗိုလ်ချုပ်များ ဦးစီးထားသည့် မြန်မာ့စီးပွားရေး ဦးပိုင် လီမီတက်က ‘ပါရမီ’ တက္ကစီ အငှားယာဉ်မောင်းများအပေါ် တင်းကြပ်ထားသည့် စည်းမျဉ်းများကြောင့် ယာဉ်မောင်းများက ဆန္ဒပြတောင်းဆိုတော့မည် အရေးနှင့် ရင်ဆိုင်လိုက်ရပြီး အရေးပေါ် အစည်းအဝေးခေါ်ကာ ညှိနှိုင်း သဘောတူပေးခဲ့ရ သည်။

တင်းကြပ်မှုများကို မခံနိုင်ကြသဖြင့် ‘ဗန္ဓုလ’ သယ်ယူပို့ဆောင်ရေး အောက်ရှိ ပါရမီယာဉ်မောင်းများက စုဖွဲ့ကာ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဆန္ဒပြတောင်းဆိုရန် ပြင်ဆင်ခဲ့မှုမှာ သတင်းပေါက်ကြားခဲ့ပြီး ၁၃ ရက်နေ့တွင် ဦးပိုင်လီမိတက်က ယာဉ်မောင်းများကို အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူခဲ့သည်။ တောင်းဆိုချက်များကို ဦးပိုင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ခင်ဇော်ဦးကို တင်ပြကာ ၂၃ ရက် နေ့က အစည်းအဝေးတွင် စည်းကမ်း ပြင်ဆင်ချက်ကို ထုတ်ပြန်ပေးခဲ့သည်။

ပါရမီယာဉ်မောင်းများအပေါ် ချမှတ်ထားသော ယခင်က လဆန်း ၃ ရက် နေ့နောက်ဆုံး ထားပေးသွင်းရမည့် လစာ ကို ရ ရက်နေ့ထိ တိုးမြင့်ပေးခဲ့သလို ၃ ရက်နေ့ လစာ မပေးလျှင် ကားသော့သိမ်းခြင်းကို ၁၅ ရက်နေ့ထိ လျှော့ပေါ့ပေးခဲ့သည်။ တရက်လျင် လက်ဗွေ သုံးကြိမ် နှိပ်ရမယ့်အစားကို နေ့လည်တကြိမ် လျှော့ချပေးခဲ့သလို ယခင်က မနက် ၆ နာရီ ယာဉ်ထုတ်ချိန်အစား တနာရီ စောထုတ်ယူခွင့်ပေးခဲ့ပြီး ယာဉ်သိမ်းချိန်ကိုလည်း တနာရီ နောက်ကျ သိမ်းခွင့်ထိ လျှော့ချပေးခဲ့သည်။

“တနေ့ကို သုံးကြိမ် ဘယ်နေရာကရောက်ရောက် ပါရမီကားဝင်းကို ပြန်လာပြီး လက်ဗွေနှိပ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး ဗျ။ နောက်ဆုံး အစည်းအဝေးက ဆုံးဖြတ်တာ တနေ့ သုံးကြိမ် မထိုးရတော့ဘူးဗျ၊ တနေ့ နှစ်ကြိမ်ပဲ အဝင်နဲ့ အထွက် ထိုးရမယ်။ နေ့လည် ပြန်လာထိုးပေးဖို့ မလိုတော့ဘူး” ဟု ပါရမီယာဉ်မောင်း ဦးစော က မဇ္စျိမကို ပြောသည်။

ယာဉ်မောင်းများ၏ တောင်းဆိုချက်များထဲတွင် နယ်ကျော် မောင်းနှင်ကြေးအား လျှော့ချပေးရန်၊ အငှားယာဉ်၏ စပေါ်ငွေကို ကျပ် ၁၅ သိန်းမှ ၁၀ သိန်းသို့ လျှော့ပေါ့ပေးရန်၊ ဦးပိုင်သို့ လစဉ်ပေးသွင်း ရနေရသည့် အငှားယာဉ်ကြေး ကျပ်လေးသိန်းကို သုံးသိန်းထိ လျှော့ချပေးရန်နှင့် ယာဉ်ပြေးဆွဲချိန်ကို ပြန်လည် ညှိနိုင်းပေးရန် ပါရှိသည်။

အဆိုပါ တောင်းဆိုချက်များထဲက စပေါ်ငွေများ လျှော့ချပေးရေးနှင့် လစဉ်ငွေ လျှော့ချရေးတို့ကို ဦးပိုင် လိုက်လျော ချက်များတွင် မပါရှိသေးပေ။ သို့သော်လည်း အခြေအနေအရ လျှော့ချပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဦးပိုင် လီမီတက်မှ ထိပ်ပိုင်းတာဝန်ရှိသူ တဦးက ပြောသည်။

လျှော့ချပေးချက်များထဲက တခုဖြစ်သည့် မူလက နယ်ကျော် မောင်းနှင်ကြေး ၁၀၀၀၀ ကျပ်ကို ၅၀၀၀ ကျပ်သို့လျှော့ချပေးခဲ့သော်လည်း နယ်မြေအကန့်အသတ် ပိုကျဉ်းသွားကြောင်း ယာဉ်မောင်းများက ပြောသည်။

“အရင်တုန်းက ပြည်လမ်းဆိုရင် တိုက်ကြီး၊ မန္တလေးလမ်းဆိုရင် အင်းတကော်ပေါ့။ အဲဒီနေရာတွေကို ကျော်လို့ မရတော့ဘူး။ အရင်တုန်းက တသောင်းပေးတယ်ဆိုတာက ပဲခူးထိ ရတယ်လေ။ ဒီလို ကန့်လိုက်တဲ့ အခါကြတော့ ဒါဟာ ဖြေလျော့တာ မဟုတ်ပဲနဲ့ ပိုတင်းကြပ်လိုက်သလို ဖြစ်သွားတာကိုး။ အခု ပဲခူး၊ အင်းတကော် သွားချင်တယ်ဆို ချက်ချင်းလိုက်လို့ မရတော့ဘူး” ဟု ယာဉ်မောင်း တဦးက ပြောသည်။

ယခင်က နယ်ကျော် မောင်းနှင်မည်ဆိုပါက သက်ဆိုင်ရာ တာဝန်ခံကို ဖုန်းဖြင့် ဆက်သွယ်ပြောဆို၍ ရသော်လည်း ယခုအခါတွင်မူ လျှောက်လွှာ တရက် ကြိုတင်ရမှာဖြစ်ပြီး ခွင့်ပြုချက်ရမှ ခရီးသည် လိုက်ပါ ပို့ဆောင်ခွင့်ရမည်ဖြစ်သည်။

စစ်အရာရှိများ ကြီးစိုးသော ပါရမီယာဉ်လိုင်းမှ တက္ကစီများသည် မြို့တွင်းရှိ အခြားသော ယာဉ်လိုင်းများထက် ခရီးသည် အကြိုက်၊ ယာဉ်မောင်းများ အကြိုက်တွေ့သဖြင့် အသုံးပြုလိုကြသော်လည်း ကားရရန်အတွက် တပ်အရာရှိ များကို အကပ် ယူရကြောင်း ပါရမီ ယာဉ်မောင်းတို့က ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အောက်ရှိ အငှားယာဉ်များသည် ပါရမီ ကားများကဲ့သို့
ကောင်းမွန်ခြင်း မရှိသော်လည်း နေ့စဉ် ပြန်ပို့စရာ မလိုဘဲ အိမ်၌ ယူထားကာ တလတကြိမ်သာ စစ်ဆေးရန် ပို့ဆောင်ရသလို စပေါ်ငွေ ၈ သိန်းနှင့် လစာ ၄ သိန်းခွဲသာ ပေးဆောင်ရကြောင်း အငှားယာဉ်အသိုင်း အဝိုင်းထံမှ သိရသည်။

Most read this week