ရန်ကုန်တွင် တိုင်းရင်းသားအရေး ဆွေးနွေးပွဲ ကျင်းပမည်

ရန်ကုန်တွင် တိုင်းရင်းသားအရေး ဆွေးနွေးပွဲ ကျင်းပမည်
by -
ဖနိဒါ

ငြိမ်းချမ်းရေးပုံရိပ် ကော်မတီမှ ဦးဆောင်၍ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော ပဋိပက္ခများ ဆွေးနွေး အဖြေရှာရန် ပညာရှင် များကို ဖိတ်ခေါ်ကာ ရန်ကုန်မြို့တွင် လာမည့် ဒီဇင်ဘာလ ၁ဝ ရက်နေ့၌ဆွေးနွေးပွဲကျင်း ပရန် စီစဉ်ထားသည်ဟု ကော်မတီ၏ ဥက္ကဋ္ဌ ဒေါ်ဘောက် ဂျာက ပြောသည်။

ချင်းမိုင်(မဇ္စျိမ) ။        ။ ငြိမ်းချမ်းရေးပုံရိပ် ကော်မတီမှ ဦးဆောင်၍ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော ပဋိပက္ခများ ဆွေးနွေး အဖြေရှာရန် ပညာရှင်များကို ဖိတ်ခေါ်ကာ ရန်ကုန်မြို့တွင် လာမည့် ဒီဇင်ဘာလ ၁ဝ ရက်နေ့၌ ဆွေးနွေးပွဲကျင်းပရန် စီစဉ်ထားသည်ဟု ကော်မတီ၏ ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက ပြောသည်။

“တိုင်းရင်းသားတွေ လိုလားနေတဲ့အရာက ဘာလဲဆိုတာ ပညာရှင်တွေ အားလုံးက ဝိုင်းပြီးဖလှယ်ပြီးတော့ အကောင်းဆုံး အဖြေတခု ရလာလိမ့်မယ်လို့ ယုံကြည်တယ်။”ဟု ဒေါ်ဘောက်ဂျာက ဆွေးနွေးပွဲ ရည်ရွယ်ချက်ကိုပြောသည်။

ကချင်ပြည်နယ်အတွင်း စစ်အင်အားတိုးချဲ့လာခြင်း လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေခြင်းတို့ကြောင့် ထိုဆွေးနွေးပွဲ ကျင်းပရခြင်း ဖြစ်သည်ဟုဆိုသည်။

“ပထမဆုံး ပညာရှင်တွေရဲ့ အကြံဉာဏ်ယူမယ်။ သူတို့ရဲ့ အကြံပြုချက်တွေယူမယ်။ နောက်ဆုံး ဒုက္ခသည်တွေရဲ့နေရာဒေသထိ ခေါ်သွားမယ်။ တကယ် ငြိမ်းချမ်းရေးလိုအပ်နေတဲ့ နေရာထိဝင်ဖို့ထိ စီစဉ်ထားတယ်။ တကယ်ငြိမ်းချမ်း လိုအပ်တဲ့ အရာတွေဟာ ဘာလဲဆိုတာကို သူတို့ဆီက အဖြေရအောင် ယူမယ်။”ဟု သူက ဆက်ပြောသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရမဟုတ်သော NGO အဖွဲ့အစည်းများ၊ စီးပွားရေး ပညာရှင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး နှင့်ပတ်သက်၍ လှုပ်ဆောင်နေသူများ၊ အနုပညာရှင်၊ စာပေလောက အသိုင်းအဝိုင်းမှ ပညာရှင်များ အပါအဝင် လူ ရဝ ဦးခန့်ကို ဖိတ်ခေါ်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

လက်ရှိ ပညာရှင်များနှင့် ဆွေးနွေးမှုကို ရန်ကုန်မြို့တွင် ပထမဆုံး ကျင်းပကာ ကချင်ပြည်နယ်ဘက်မှာ လည်းဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဒေါ်ဘောက်ဂျာက ပြောသည်။ ပညာရှင်များ ထံမှ ရရှိသော အကြံဉာဏ်များ ကို လက်ရှိ အစိုးရနှင့် ပြန်လည်တွေ့ဆုံဆွေးနွေး ဖလှယ်သွားရန် အစီအစဉ်ရှိသည်ဟု သိရသည်။ ထိုဆွေးနွေးပွဲများမှ တိုင်းရင်းဒေသများ၏ လိုအပ်ချက် ရလဒ်အဖြစ် အဖြေကောင်းတခု ရရှိနိုင်လိမ့်မည်ဟု မျှော်လင့် ထားသည်ဟု လည်း ဒေါ်ဘောက်ဂျာက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် နိုင်ငံရေးပါတီအချို့မှ ကချင်၊ ချင်း၊ မွန်၊ ရခိုင်၊ ကရင်၊ ကယား၊ ရှမ်း စသည့် တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်ပြီး ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဒေါ်ဘောက်ဂျာ၊ ဒုဥက္ကဋ္ဌမှာ ရှေ့နေ ဒေါ်ကမ်းခန့်ဒိမ်း၊ အတွင်းရေးမှူးအဖြစ် ချင်းတိုးတက်ရေးပါတီမှ ကိုရှိန်ထွန်းတို့ အပါအဝင် အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

တိုင်းရင်းသားလူမျိုးများကြား တန်းတူညီမျှမှု၊ ယုံကြည်မှုတည်ဆောက်ရေး၊ ပြည်ထောင်စု တည်တံ့ ခိုင်မြဲရေးအတွက် တိုက်ပွဲများဖြစ်ပွားနေသည့် ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တဘက်၊ တလမ်းမှ ဖော်ထုတ် ဆောင်ရွက်သွားရန် ရည်ရွယ်၍ ငြိမ်းချမ်းရေးပုံရိပ်ကော်မတီကို ဖွဲ့စည်းရခြင်း ဖြစ်သည်ဟု ကော်မတီ၏  အတွင်းရေးမှူး ချင်းတိုးတက်ရေးပါတီမှ ကိုရှိန်ထွန်းက ပြောသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း  ငြိမ်းချမ်းရေး ပုံရိပ်ကော်မတီက ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများ အဆုံးသတ်စေရေးအတွက်  အစိုးရဘက်က စစ်အင်အားတိုးချဲ့လာမှုကို ရပ်တန့်ရန်၊ စစ်ပြေး ဒုက္ခသည်များကို အစိုးရ မဟုတ်သော NGO အဖွဲ့ အစည်းများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများအား တရားဝင် ကူညီခွင့်ပေးရန်နှင့် စစ်ဖြစ်ပွားနေသည့် ဒေသများတွင် လူအခွင့်အရေး ချိုးဖောက်နေမှုများကို ရပ်တန့်စေရန် တောင်းဆိုခဲ့သည်။

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့အကြား ပြီးခဲ့သည့် ဇွန်လမှစတင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၃၂,ဝဝဝ ကျော်ရှိနေပြီဟု KIO က ထုတ်ဖော်ပြောဆိုထားသည်။