မြန်မာနိုင်ငံ အရှေ့မြောက်ဘက်ရှိရွှေလီမြစ်ပေါ် တွင် တည်ဆောက်နေသည့် ရေကာတာ စီမံကိန်း နှစ်ခုကြောင့် ဒေသခံတို့၏စိုက်ပျိုးမြေ ဧက သုံးသောင်းကျော် ဆုံးရှုံးရဖွယ်ရှိနေကြောင်း တက်ကြွ လှုပ်ရှားသူ များက ပြောသည်။
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ အရှေ့မြောက်ဘက်ရှိ ရွှေလီမြစ်ပေါ်တွင် တည်ဆောက်နေသည့် ရေကာတာ စီမံကိန်းနှစ်ခုကြောင့် ဒေသခံတို့၏ စိုက်ပျိုးမြေဧက သုံးသောင်းကျော် ဆုံးရှုံးရဖွယ်ရှိနေကြောင်း တက်ကြွ လှုပ်ရှားသူ များက ပြောသည်။
ရွှေလီအမှတ် ၂ နှင့် အမှတ် ၃ ရေကာတာ တည်ဆောက်ရေးတို့အတွက် လမ်းဖောက်လုပ်မှုနှင့် ရေလွှမ်းခံရမှုတို့ဖြစ်ပေါ်နိုင်ပြီး တအာင်း ခေါ် ပလောင်လူမျိုးတို့၏ လက်ဖက်၊ စပါးနှင့် သစ်တောများ ဆုံးရှုံးစေမည် ဖြစ်သော်လည်း စိုက်ပျိုးမြေများ အစားပြန်မရသလို၊ လျော်ကြေး ပေးဆောင်ခြင်းလည်း မရှိဟု တအာင်း ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး TSYO က ထိုင်းနယ်စပ်တွင် ပြုလုပ်သည့် အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
တရုတ်နိုင်ငံပိုင် ကုမ္ပဏီများနှင့် ဆွစ်ဇာလန် ကုမ္ပဏီများ ဆောက်လုပ်နေသော စုစုပေါင်း မဂ္ဂါဝပ် ၁,၅၇၀ ထုတ်လုပ် မည့် ရေအားလျှပ်စစ် စီမံကိန်း၏ အနီးဆုံးမြို့များဖြစ်သော မိုးမိတ်၊ မန်တုန်နှင့် နမ့်ခမ်း မြို့များတွင် နှစ်နှစ်ကျော်ကြာ စစ်တမ်းကောက်ခဲ့သည်ဟု ဆိုသည်။
“အစိုးရက အကောင်အထည်ဖေါ် လုပ်နေပေမယ့်။ ဒေသခံတွေကိုတော့ လျှော်ကြေး ဘာမှပေးတာ မရှိသေးဘူး။”ဟု စစ်တမ်းကောက်ယူသူ တဦးဖြစ်သည့် လွေးပိုးကီက သတင်းစာ ရှင်းလင်းပွဲတွင် မဇ္စျိမကို ပြောသည်။
ထို့အပြင် ရွှေလီအမှတ် ၃ စီမံကိန်းနှင့် မလွတ်ကင်း၍ မိုးလို၊ နားရုံး၊ နားယား၊ မိုးခပ်နှင့် နားဆော့ကျေးရွာ များမှ လူဦးရေ သုံးထောင်ကျော်ကိုလည်း ယင်းနေရာနှင့် မိုင်ပေါင်း ၃၀ ကျော်ဝေးသည့် မြေလွတ်၊ မြေရိုင်းများဆီသို့ ၂၀၁၃ နှစ်ကုန်မတိုင်ခင် ပြောင်းရွှေ့ပေးရန်လည်း အာဏာပိုင်များကအမိန့်ထုတ်ထား သည်။
“လျော်ကြေးကတော့ခုချိန်ထိ ဘာမှ ပေးတာမရှိသေးဘူး။ ပြောင်းရွှေ့ခိုင်းတဲ့ နေရာမှာကသူတို့ဘာလုပ်စားရ မှန်း မသိတော့ သူတို့က မပြောင်းရွှေ့ချင်ကြဘူး။” ဟု TSYO အဖွဲ့မှ မိုင်းအောင်ကို က မဇ္စျိမကို ပြောသည်။
မြန်မာနိုင်ငံ အမှတ် ၁ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနက မဂ္ဂါဝပ် ၁,၀၅၀ ထုတ်လုပ်ပေးမည့် ရွှေလီအမှတ် ၃ စီမံကိန်း ကို ၂၀၁၀ ဖေဖေါ်ဝါရီလက ဆွစ်ဇာလန်နိုင်ငံ ကိုလန်ကို စွမ်းအင် ကုမ္ပဏီ Colenco Power Engineering Ltd. CPE နှင့် ကန်ထရိုတ်စာချုပ် လက်မှတ်ရေးထိုးခဲ့သလို မဂ္ဂါဝပ် ၅၂၀ ထုတ်လုပ်ပေးမည့် ရွှေလီအမှတ် ၂ ရေအား လျှပ်စစ် စီမံကိန်းကို ၂၀၀၉ နိုဝင်ဘာက တရုတ်နိုင်ငံမှ ဟွာနင်းလန်ကန်းမြစ်ရေ အားလျှပ်စစ် စီမံကိန်း- Huaneng Lancang River Hydropower Co Ltd နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက်အရ စီမံကိန်းများမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံသို့ ရောင်းချရမည် ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် တအာင်းလူထုကိုယ်စား ဝင်ရောက် ရွေးချယ်ခံခဲ့သည့် ပလောင် အမျိုးသားပါတီက ယင်းအခြေအနေများကို မသိရှိရသေးသော်လည်း ပါတီအနေဖြင့် စီမံကိန်းနေရာများသို့ ကွင်းဆင်း လေ့လာမှုများပြုလုပ်မည်ဟု ပါတီ အထွေထွေ အတွင်းရေးမှူး မိုင်းအုန်းခိုင်က ပြောသည်။
“ဒီအခြေအနေတွေကို ကျနော်တို့ သေချာ မသိသေးလို့ပါ။ ခုလိုကြားသိရတော့ ကျနော်တို့ ပါတီအနေနဲ့ သွားပြီး ကွင်းဆင်း လေ့လာမှာပါ။ ခိုင်လုံတဲ့ အချက်အလက်တွေရရင်တော့ လွှတ်တော်မှာ တင်ပြဆွေးနွေး တင်ရင်လည်း တင်ပြရမှာပဲ။” ဟု မိုင်းအုန်းခိုင် က မဇ္စျိမကို ပြောသည်။
ရွှေလီအမှတ် ၂ ရေကာတာ အထက်မိုင် ၃၀ ကျော်တွင် ၂၀၀၈ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့သော ရွှေလီအမှတ် ၁ ရေကာတာ တည်ဆောက်စဉ်က ဒေသခံတို့၏ စိုက်ပျိုးမြေများ သိမ်းဆည်းခံခဲ့ရသော်လည်း စီမံကိန်း ပြီးသည့် အခါတွင်မူ ဒေသခံများမှာ မည်သည့် အကျိုးခံစားခွင့်မှ မရရှိခဲ့ကြဟုလည်း TSYO အစီရင်ခံစာ၌ ဖေါ်ပြထားသည်။