ပြည်ပရောက် အတိုက်အခံများ စုဖွဲ့မှု ပုံစံပြောင်းမည်

ပြည်ပရောက် အတိုက်အခံများ စုဖွဲ့မှု ပုံစံပြောင်းမည်
by -
ကိုဝိုင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ်ရွေး ကောက် ပွဲဝင်ရန် ဆုံးဖြတ်ပြီးနောက် ပြည်ပရောက် အတိုက်အခံ နိုင်ငံရေး အဖွဲ့များ လည်း စုဖွဲ့မှု ပုံစံပြောင်းရန် ပြင်ဆင်နေသည်။

ချင်းမိုင် (မဇ္စျိမ) ။        ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ပြီးနောက် ပြည်ပ ရောက် အတိုက်အခံ နိုင်ငံရေးအဖွဲ့များလည်း စုဖွဲ့မှု ပုံစံပြောင်းရန် ပြင်ဆင်နေသည်။

၁၉၉ဝ ရွေးကောက်ပွဲနှင့် ဆက်စပ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD-LA၊ ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက်အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် များ အဖွဲ့ MPU၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB တို့၏ စုဖွဲ့မှု အနေအထားများကို ပြောင်းလဲရန် လိုအပ်လာခြင်း ဖြစ်သည်။

၁၉၉ဝ ခု ရွေးကောက်ပွဲအမတ် ငါး ဦးဖြင့် စုဖွဲ့ထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ အကိုဝမ်းကွဲတော်စပ်သူ အမျိုးသား ဒီမိုကရေစီပါတီမှ ဒေါက်တာစိန်ဝင်းက ဝန်ကြီးချုပ် တာဝန်ယူထားသည့် ပြည်ထောင်စုမြန်မာ နိုင်ငံ အဝေးရောက် အမျိုးသားညွန့်ပေါင်း အစိုးရ NCGUB ၏ နိုဝင်ဘာ ၂၃ ရက်နေ့ အစည်းအဝေးမှ “အစိုးရ” ဟူသည့် စကားလုံးမှာ လက်တွေ့တွင် မအပ်စပ်တော့ကြောင်း သုံးသပ်ခဲ့ကြသည်။

NCGUB ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက “ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် နိုင်ငံရေးထဲကို တရားဝင် ရောက်သွားပြီဆိုရင် NCGUB ဆိုတဲ့ အစိုးရဆိုတဲ့ နာမည်ကတော့ မအပ်စပ်တော့ဘူးဆိုတဲ့ ကောက်ချက်ချပါတယ်။” ဟု မဇ္စျိမကို ပြောသည်။

စစ်တပ်က အချိန်ကြာမြင့်စွာ အုပ်ချုပ်ခဲ့သဖြင့် လက်ရှိပြောင်းလဲမှုများအပေါ် အပြည့်အဝယုံကြည်မှု မရှိသေးဘဲ လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ တိုင်းရင်းသား အရေးတို့အတွက် ပြည်ပတွင် ဆက်လှုပ်ရှား သွားမည်ဟုဆိုသည်။ မည်သည့်ပုံစံဖြင့် ဆက်လှုပ်ရှား မည်ကိုမူထုတ်ဖော် ပြောဆိုရန် အချိန်စောသေးသည်ဟု ဆိုသည်။

၁၉၉ဝ ခု ဒီဇင်ဘာတွင် ဖွဲ့ခဲ့ပြီး ၂၁ နှစ်သက်တမ်းရှိပြီဖြစ်သည့် NCGUB အဝေးရောက်အစိုးရအဖြစ်မှ ပုံစံအသစ် တခု ပြောင်းလိုက်လျှင် နိုင်ငံတကာထောက်ပံ့မှုနှင့်ပတ်သက်၍ “အခုဆို နော်ဝေးအစိုးရကပဲ ထောက်ပံ့မှုရှိတယ်။ ကျနော်တို့ အလုပ်ဟာ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ဘယ်လောက် အပ်စပ်သလဲအပေါ် မူတည်ပြီးတော့ သူတို့ထောက်ပံ့မှာပါ။” ဟု ဒေါက်တာတင့်ဆွေက ပြောသည်။

၁၉၉ဝ ခု အမတ် ၃၂ ဦးဖြင့် စုဖွဲ့ထားပြီး NCGUB ဝန်ကြီးအဖွဲ့ကို ရွေးချယ်ပေးနေသည်မှာ ၁၅ နှစ်ဝန်းကျင် ရှိပြီဖြစ်သည့် MPU မှာမူ အစိုးရမဟုတ်သဖြင့် လက်ရှိအတိုင်းပင် ဆက်ရှိနေနိုင်မည်ဟု MPU အဖွဲ့ဝင် ဒေါက်တာတင့်ဆွေ က ပြောသည်။

“၉ဝ ခု ရွေးကောက်ပွဲအရ လွှတ်တော်ပေါ်လာရမယ်ဆိုတဲ့ တောင်းဆိုမှုသာလျှင် မရှိတော့တာ ဖြစ်တယ်။
ရွေးကောက်ပွဲ ရလဒ်နဲ့ ပြည်သူကပေးလိုက်တဲ့ တာဝန်ဆိုတာ သမိုင်းမှာ မှတ်တိုင်အဖြစ် ရှိနေတာဖြစ်ပါတယ်။”ဟု သူက ပြောသည်။

၁၅ နှစ် သက်တမ်းရှိပြီဖြစ်သည့် MPU တွင် NLD ပါတီအမတ် ၁၉ ဦးနှင့်အတူ ချင်း၊ ရှမ်း၊ ရခိုင်၊ မွန်၊ လားဟူ၊ ဇိုမီး၊ တစည၊ အမျိုးသားဒီမိုကရေစီပါတီနှင့် တသီးပုဂ္ဂ အမတ်များဖြင့် စုစည်းထားသည်။

၁၉၉ဝ ခုရွေးကောက်ပွဲနှင့် ဆက်စပ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) NLD-LA ဟူသည့် အမည်ကို ဆက်ထားရန် မလိုအပ်တော့ဘဲ ပြည်ပရောက် NLD အဖွဲ့အနေဖြင့်ဆက် သွားရန် NLD-LA ဗဟို အလုပ်အမှုဆောင် ယခင်အပတ် အစည်းအဝေးက စဉ်းစားထားကြသည်ဟု နိုင်ငံခြားရေးကော်မတီခွဲ တာဝန်ခံ ဦးညိုအုန်းမြင့်က ပြောသည်။

“NLD-LA လို့ မဟုတ်တော့ဘဲနဲ့ ပြည်ပရောက် NLD များအဖွဲ့လည်း ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ ဒါမှမဟုတ်လည်း NLD အဝေးရောက်အနေနဲ့ မြို့နယ်တွေ၊ ခရိုင်အဆင့်လိုမျိုးတွေလည်းဖြစ်သွားနိုင် ပါတယ်။” ဟု သူက ပြောသည်။ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ ကနေဒါ၊ မလေးရှား၊တောင်ကိုရီး ယား၊ နော်ဝေး၊ အင်္ဂလန် စသည့် ဌာနခွဲ ရှစ်ခုနှင့်ဆွေးနွေးသွားဦးမည်ဟု ဆိုသည်။

NLD-LA အနေဖြင့် လက်နက်ကိုင် တိုင်းရင်းသားများပါဝင်သည့် အမျိုးသားရင်ကြားစေ့ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟု မကြာသေးမီက မီးရထားဝန်ကြီး ဦးအောင်မင်းနှင့်တိုင်းရင်းသား အဖွဲ့များ ဆွေးနွေးမှုကို ဥပမာပေးပြောသည်။

“ဝန်ကြီးဦးအောင်မင်း တိုင်းရင်းသားတွေ ဆွေးနွေးနိုင်ဖို့အတွက်လည်း ကျနော်တို့ဝိုင်းပြီးတော့ ကူညီတဲ့ အစိတ်အပိုင်းတွေလည်း ရှိပါတယ်။ NLD-LAသည် နိုင်ငံတော်ရဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ဖွံ့ဖြိုးရေး ကိစ္စတွေမှာ တစိတ်တပိုင်း ပါသွားမှာဖြစ်ပါတယ်။” ဟု သူကဆက်ပြောသည်။

NLD-LA၊ MPU အဖွဲ့ နှစ်ဖွဲ့သည် မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်-DAB၊ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု-NDF စသည့်တပ်ပေါင်းစုများနှင့်အတူ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား ကောင်စီ-NCUB တွင် ထောက်တိုင်အဖွဲ့ဝင်များအဖြစ် ပါဝင်သည်။

NCUB တွဲဘက်အတွင်းရေးမှူး-၁၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကမူ အဖွဲ့ဝင်များ၏ ဆက်လက်တည်ရှိခြင်း မတည်ရှိခြင်းသည် သက်ဆိုင်ရာ အဖွဲ့များ၏ဆုံးဖြတ်ချက်သာ ဖြစ်သည်ဟုဆိုသည်။ “NCUB အနေနဲ့ လုပ်ငန်းစဉ်တွေ၊ စုစည်းမှုတွေကို ပြန်သုံးသပ်ဖို့ လိုအပ်တယ်လို့ ကျနော်တော့ ယူဆတယ်။ သဘာပတိ အဖွဲ့တို့ အတွင်းရေးမှူးအဖွဲ့တို့ စုံညီအစည်းအဝေး ကိုမြန်မြန်ခေါ် ဖို့လိုတယ်။ ကျနော်တို့က ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို အခြေခံတဲ့ လုပ်ငန်းစဉ် တွေများတယ်လေ။ ကနေ့ကာလမှာ လိုက်လျောညီထွေမှု ရှိသေးလား မရှိဘူးလား NCUB အတွင်းမှာ ဆွေးနွေးပြီး ပြုပြင်သင့်တာတွေ ပြုပြင်ဖို့ လိုလိမ့်မယ်လို့ ယူဆတယ်။” ဟု ပြောသည်။

၁၉၉၂ ခု စက်တင်ဘာလတွင်ဖွဲ့ခဲ့ပြီး ၁၉ နှစ်သက်တမ်းရှိပြီဖြစ်သည့် NCUB ကို အစပိုင်းတွင် DAB၊ NDF၊ NLD-LA၊ NCGUB တို့နှင့် ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် NCGUB ကို MPU ဖြင့် အစားထိုးခဲ့သည်။

DAB၊ NDF တပ်ပေါင်းစု နှစ်ခုပါဝင်သည့် NCUB တွင် တိုင်းရင်းသားတန်းတူရေးနှင့် ဒီမိုကရေစီအင်အားစု အဖွဲ့အစည်း စုစုပေါင်း၂၆ ဖွဲ့ပါဝင်သည်။

Most read this week