အိန္ဒိယရောက် မြန်မာရေလုပ်သား များ ပြန်ရောက်

အိန္ဒိယရောက် မြန်မာရေလုပ်သား များ ပြန်ရောက်
by -
မင်းသက်

ပင်လယ်တွင်း လေပြင်းတိုက်ခက်မှုကြောင့် အိန္ဒိယနိုင်ငံသို့ ရောက်ရှိသွားသည့် မြန်မာရေ လုပ်သား ၁၄၂ ဦးမှာ နိုဝင်ဘာလ ၂၄၊ ၂၅ ရက် တွင် နှစ်သုတ်ခွဲ၍ မြန်မာနိုင်ငံသို့ပြန်လည် ရောက်ရှိလာပြီ ဖြစ် သည်။

ရန်ကုန် (မဇ္ဈိမ) ။         ။ ပင်လယ်တွင်း လေပြင်းတိုက်ခက်မှုကြောင့် အိန္ဒိယနိုင်ငံသို့ ရောက်ရှိသွားသည့် မြန်မာရေလုပ်သား ၁၄၂ ဦးမှာ နိုဝင်ဘာလ ၂၄၊ ၂၅ ရက်တွင် နှစ်သုတ်ခွဲ၍ မြန်မာနိုင်ငံသို့ပြန်လည်ရောက် ရှိလာပြီ ဖြစ် သည်။

အဆိုပါ ရေလုပ်သားများမှာ မတ်လအတွင်းက ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်တွင်း ကျားဖောင်ဖြင့် ငါး၊ ပုဇွန်ဖမ်းနေစဉ် ရာသီဥတုဆိုးဝါးကာ လေပြင်းတိုက်ခက်မှုကြောင့် ဖောင်နှင့်အတူ မျောပါ သွားကြသူများ ဖြစ်သည်။

“ရေလုပ်သားတွေ သေတာရှိတယ်။ ပျောက်တာရှိတယ်။ အိန္ဒိယကို ရောက်တာရှိတယ်။ သီရိလင်္ကာကို ရောက်တာ ရှိတယ်။ ပြီးခဲ့တဲ့ ဇွန်လက သီရိလင်္ကာနိုင်ငံကို ရောက်သွားတဲ့ရေလုပ်သား ၁၄ ဦးမှာ မြန်မာ နိုင်ငံကို ပြန်ရောက်ခဲ့ပြီး ပြီ” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က မဇ္စျိမကို ပြောသည်။

ဒုတိယအသုတ်အဖြစ် ရောက်ရှိလာမည့် ရေလုပ်သား ရ၂ ဦးမှာ သောကြာနေ့ ညနေပိုင်းတွင်ရောက်ရှိ လာမည်ဖြစ်သည်။

ယင်းရေလုပ်သားများမှာ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်း၊ မကွေးနှင့် တနင်္သာရီတိုင်းတို့မှ  ရေလုပ်သားများ ဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ အက်ဒမန်ကျွန်းရှိ ပို့ဘလဲလ်မြို့တွင် ထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။

ထိန်းသိမ်းခံထားရစဉ်အတွင်း အိန္ဒိယရဲများနှင့် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့ပြီး နောက်ပိုင်းတွင် ပြေလည် သွားကြသည် ဟုလည်း ရေလုပ်သားများထံမှ ရန်ကုန်မြို့သို့ ပထမအသုတ်အဖြစ် ရောက်ရှိနေသည့် ရေလုပ်သားများက ဆိုသည်။

“ကျနော့်အသက် ၅၆ နှစ်ရှိပါပြီ။ ရေလုပ်ငန်းဟာ မိရိုးဖလာ လုပ်ငန်းပါ။ ဒီအဖြစ်မျိုး ဒီတကြိမ်ပဲ ခံဖူးခဲ့ရ တာပါ။ အငတ်ငတ် အပြတ်ပြတ်နဲ့ ဒုက္ခပင်လယ်ဝေခဲ့ရပါတယ်။ ခုတော့ မိသားစုနဲ့ တွေ့ရမယ်ဆိုတော့ အရမ်း ဝမ်းသာပါ တယ်။ အိမ်ကတော့ ကျနော့်ကို ဆွမ်းတောင် သွတ်ပြီးလောက်ပြီလို့ ထင်ပါတယ်” ဟု ဧရာဝတီတိုင်း ဖျာပုံမြို့နယ် မှ ရေလုပ်သားဦးဘစံက ပြောဆိုကြောင်းလည်း နိုဝင်ဘာလ ၂၅ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ၌ ပါရှိသည်။

ယင်းကဲ့သို့ မျှောပါသွားသူများတွင် သေဆုံးခဲ့သူများလည်း ရှိသည်ဟု သိရသည်။

ပြန်လည်ရောက်ရှိလာသူများကို ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်ရှိ သာဓု ပရိယတ္တိစာသင်တိုက်တွင် ခေတ္တ ထားရှိမည်ဖြစ်ကာ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားသည်။

လွန်ခဲ့သည့် ၁၁ နှစ်ကျော်ကပင် လေပြင်းဒဏ်ကြောင့် အိန္ဒိယနိုင်ငံသို့ ရောက်ရှိသွားသည့် ဖျာပုံမြို့နယ်မှရေလုပ်သား သုံးဦးမှာ လည်း ယခုနှစ် သြဂုတ်လအတွင်း မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဖြစ် ကြောင်းလည်း သိရသည်။