ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊မြန်အောင် မြို့နယ် အမှတ် ၁ ရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီရုံးတွင် တနင်္ဂနွေနေ့ နံနက် ၈ နာရီ မိနစ် ၅၀ ခန့်ကဗုံးပေါက် ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မြန်အောင် မြို့နယ်ရဲစခန်း ထံမှ သိရသည်။
ရန်ကုန် (မဇ္ဈိမ) ။ ။ ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် အမှတ် ၁ ရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီရုံးတွင် တနင်္ဂနွေနေ့ နံနက် ၈ နာရီ မိနစ် ၅၀ ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မြန်အောင် မြို့နယ် ရဲစခန်းထံမှ သိရသည်။
ပေါက်ကွဲသော ဗုံးသည် လက်လုပ်ဗုံး အမျိုးအစားဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားစဉ် အဆိုပါရုံးတွင် လူ လေးဦး ရှိနေသော်လည်း ထိခိုက်ဒဏ်ရာ မရရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
“ပေါက်ကွဲတဲ့ဲ အချိန်မှာဦးကျော်ဌေးဆိုတဲ့လူ ရှိတယ်။ သူက ပါတီကပေါ့။ နောက်ထပ် လူငယ်သုံးယောက် ရှိတယ်။ပေါက်ကွဲသံကတော့ နည်းနည်းကျယ်တယ်။ ပေါက်ကွဲတဲ့နေရာက ပါတီရုံးနောက်ဘက်ကျမှာ ပေါ့။ အဲဒီမှာ တိုယိုတာ ဟိုင်းလတ် ကားတစီး ထားတယ်။ ကားတစီး ပျက်သွားတယ်။ ပြီးတော့ ရုံးတွင်းမှာရှိတဲ့ ရုံးသုံး ကွန်ပျူတာတွေ၊ စာရွက်တွေ ပျက်တာပေါ့” ဟု မြန်အောင်ဒေသခံက မဇ္စျိမကို ပြောသည်။
ယင်းအပြင် ပေါက်ကွဲမှုကြောင့် ရုံးအဆောက်အအုံ ဖြစ်သော အမြင့် ၁၂ ပေ၊ အလျား ပေ ၆၀ ၊ အနံ ၂၆ ပေ ရှိ RC နှစ်ထပ်အခန်းတွင် အချင်း ၁၂ ပေခန့်ရှိ နံရံအပိုင်းမှာ လုံးဝ ပျက်စီးသွားကြောင်း သိရသည်။
ပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သူ့ လက်ချက်ဖြစ်ကြောင်းကိုမူ မသိရသေးပေ။
“ကျနော်တို့ ဖြစ်စဉ်ကိုကြည့်ပြီးတော့ စုံစမ်းနေပါတယ်” ဟု မြန်အောင်ရဲစခန်းမှ ရဲအရာထမ်းတဦးက ဆိုသည်။