ချင်းမိုင် (မဇ္စျိမ) ။ ။ မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီးဝင်းအတွင်း အင်္ဂါနေ့က စတင်ခဲ့သည့် သံဃာ ငါးပါး ၏ ဆန္ဒပြမှုသည် မန္တလေးတိုင်း သံဃာ့နာယက ဥက္ကဋ္ဌအပါဝင် ဆရာတော်ကြီး ၁၀ ပါး၏ သြဝါဒအရ ဆန္ဒပြပွဲ အဆုံးသတ်သွားပြီဖြစ် ကြောင်း မြို့ခံများက ပြောသည်။
ဆန္ဒပြ သံဃာတော်များသည် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်ဟောင်း၌ ဗုဒ္ဓဟူးနေ့ နေ့လည်တွင် လိုလားချက်များ ကို တနာရီကြာ ဆန္ဒထုတ်ဖေါ်ဟောပြောခဲ့ပြီး ဆန္ဒပြခြင်းကို ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။
အဆိုပါ သံဃာတော်များသည် မဟာမြတ်မုနိ ဘုရားကြီးမှ မစိုးရိမ်ကျောင်းတိုက်ဟောင်းသို့ အင်္ဂါနေ့ ညနေတွင်ပြောင်းရွှေ့ သတင်းသုံးကာ တနေ့ တနာရီနှုန်းဖြင့် သုံးရက်ကြာ ဆန္ဒထုတ်ဖေါ်ဟောပြောရန် သဘောတူညီချက် ရရှိထားသော်လည်း ဗုဒ္ဓဟူးမနက်တွင် ဆရာတော်ကြီးများကသြဝါဒထပ်မံမိန့်ကြား ပြီးနောက် တရက်သာ ဟောပြောခဲ့ကြခြင်း ဖြစ်သည်ဟုလည်း သိရသည်။
မစိုးရိမ်တိုက်ဟောင်းတွင် နေ့လယ်ဆွမ်း ဘုန်းပေးအပြီး ဆွမ်းစားဆောင်၌ပင် ဆရာတော်ကြီးများ၏ သြဝါဒကို ဒါယကာ၊ ဒါယိကာမ အယောက် ၂ဝ ကျော်နှင့် အရပ်ဝတ် ထောက်လှမ်းရေးများ ရှေ့တွင် ၁၅ မိနစ်အကြာ ခံယူခဲ့ကြသည်။
မူလက တောင်းဆိုထားသည့် အချက် သုံးချက်မှ ဘာသာရေးတရားဟောလျှင် မည်သည့် အုပ်ချုပ် ရေးမှူးထံမှ တင်ပြရန် မလိုဘဲ လွတ်လွတ်လပ်လပ် ဟောပြောနိုင်ရေးအတွက်သာ တောင်းဆိုသွားရန် လည်း ဆရာတော်ကြီး များက မိန့်ကြားခဲ့သေးသည်ဟု သိရသည်။
မွန်းလွဲပိုင်း၌ ပထမမြောက် ဟောပြောသူ သံဃာက တောင်းဆိုချက် သုံးချက်ကို သမ္မတထံ လိပ်မူပို့ထား ပြီး၊ မိတ္တူ ကို ရန်ကုန် ကမ္ဘာအေးကုန်းမြေနိုင်ငံတော် သံဃာ့မဟာနာယကထံ ပေးပို့ထားကြောင်း ပရိသတ်ကို အသိပေးခဲ့ သည်။
“အဲဒီအပေါ်မှာ သံဃာတော်တွေ ဒါယကာ၊ ဒါယိကာမတွေ သဘောတူညီခြင်း ရှိ၊ မရှိ မေးခွန်း မေးပါ တယ်။ အားလုံး က သဘောတူပါတယ်ဆိုပြီး ထောက်ခံမှု သုံးကြိမ်ပေးပါတယ်။” ဟု ဟောပြောပွဲသွား ပရိသတ်တဦးက ပြောသည်။
ဟောပြောပွဲကို မေတ္တသုတ်ရွတ်ဆိုပြီးနောက် ရွှေဝါရောင်တော်လှန်ရေးကာလ သံဃာတော်များ ရွတ်ဆိုခဲ့ သည့် “လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ” “တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ” ဆိုသည့် မေတ္တာပို့ ဆုတောင်းကို ပရိတ်သတ်များနှင့် သံဃာ ငါးပါး စုပေါင်းရွတ်ဆိုကြပြီး ဟောပြောပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ဟောပြောပွဲကို သံဃာအများစုအပါဝင် ပရိသတ် ၁,၂ဝဝ ကျော် တက်ရောက်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ခန့်မှ စတင်ခဲ့ သည်။ ဆန္ဒထုတ်ဖေါ် ဟောပြောပွဲကို မူလစီစဉ်ထားသည့်အတိုင်း မပြုလုပ်ခြင်းမှာ မစိုးရိမ် ကျောင်း စာသင်သံဃာ များ စာသင်ကြားမှုတွင် အနှောက်အယှက်ဖြစ်မည်စိုးသောကြောင့်ဟု အကြောင်းပြခဲ့ကြောင်း ဟောပြောပွဲသွား ပရိသတ်တဦးကပြောသည်။
တရားပွဲပြီးနောက် သံဃာ ငါးပါးလုံး မစိုးရိမ်ကျောင်းတိုက်ဟောင်းမှ သီတင်းသုံးမည့် ပြည်ကြီးတံခွန်မြို့ နယ်ရှိ အခြားကျောင်းတိုက်တခုသို့ ပြောင်းရွှေ့သွားကြပြီးဖြစ်သည်ဟုလည်း သိရသည်။ ဟောပြောပွဲသည် ပြဿနာ တစုံတရာ မရှိဘဲ ငြိမ်းချမ်းစွာ အပြီးသတ်ခဲ့ကာ၊ ဟောပြောပွဲအပြီး သံဃာများမကြွမီ သတင်း ထောက်တချို့နှင့် မိနစ် ၃ဝ ခန့် တွေ့ဆုံခဲ့သေးသည်ဟုလည်း ဟောပြောပွဲသွားသူ တဦးက မဇ္ဈိမကို ပြောသည်။
ဆန္ဒပြသံဃာများအနက် အရှင်သောပါကမှာ ၂ဝဝ၁ ခုမှစ၍ ပြည်ပသို့ထွက်လာပြီးနောက် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ လာအို၊ ဂျပန်တို့တွင် လှည့်လည် သတင်းသုံးပြီး၂ဝဝ၃ တွင် ဂျာမနီနိုင်ငံသို့ ကြွရောက်ကာ
ဗုဒ္ဓဘာသာ စင်တာတခု ထူထောင်ခဲ့သည်။
၂ဝဝ၉ ခုတွင် ထိုင်း-မြန်မာ နယ်စပ်သို့ပြန်လာပြီး The Best Friend Internationl အဖွဲ့အစည်းကို ထူထောင်သည်။ ယင်းအဖွဲ့သည် နယ်စပ်ဒုက္ခသည်နှင့် ရွှေ့ပြောင်းအလုပ်သမားများကို အင်္ဂလိပ်စာနှင့် ကွန်ပြူတာသင်တန်းများ အခမဲ့ ပို့ချပေးနေသည်။