အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် မွန်ပြည်သစ်ဌာနချုပ်သို့ ရောက်ရှိ

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် မွန်ပြည်သစ်ဌာနချုပ်သို့ ရောက်ရှိ
by -
ကွန်းချမ်း

ချင်းမိုင် (မဇ္ဈိမ) ။      ။ မွန်ပြည်နယ် ဝန်ကြီးချုပ်မှ ရွေးချယ်စေလွှတ်သည့် ငါးဦးပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ မွန်ပြည်သစ်ပါတီ (NMSP) ဌာနချုပ်ရှိရာ မွန်ပြည်နယ် ရေးချောင်းဖျားဒေသသို့ စနေနေ့ညတွင် ရောက်ရှိနေပြီး နှစ်ရက် တိုင် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။

ကိုယ်စားလှယ်အဖွဲ့တွင် မွန်ပြည်သစ်ပါတီခေါင်းဆောင်ဟောင်း နှစ်ဦးဖြစ်သည့် ဗဟိုအလုပ်အမှု ဆောင် ဟောင်း နိုင်တင်အောင်၊ ဗဟိုကော်မတီဝင်ဟောင်း နိုင်စိုးမြင့်တို့ အပါအဝင် မွန်အမျိုးသားဒီမိုက ရေစီအဖွဲ့ (MNDF) ဗဟို အလုပ်အမှုဆောင် နိုင်သက်လွင်၊ ဒေါက်တာမင်းကြည်ဝင်းနှင့်မွန်ပြည်သူ များအကြား သြဇာတိက္ကမရှိသည့် ကျိုက်မရောမြို့နယ် ကော့ပလိုင်ရွာ ဆရာတော်ဘဒ္ဒန္တ ကေတုမာလာတို့ ပါဝင်သည်။

“ဟိုကနေ သိသလောက် ဘုန်းကြီးတို့က ဒီမှာလာပြောပြတယ်။ သူတို့ သဘောကျ၊မကျ ဆိုတာက သူတို့ကိုယ်တိုင် ဆုံးဖြတ်ပါလိမ့်မယ်။ ဘုန်းကြီးတို့က သူတို့ကို ဖိအားလာပေးတာ မဟုတ်ဘူး၊ငြိမ်းချမ်း အတွက် လာညှိနှိုင်းပေးတာလောက်ပါပဲ။” ဟု ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဘဒ္ဒန္တကေတုမာလာက တနင်္လာနေ့နံနက်က မဇ္ဈိမကို မိန့်ကြား သည်။

ဆရာတော်၏ အဆိုအရ ဝန်ကြီးချုပ်ဦးအုန်းမြင့်၏ ကမ်းလှမ်းချက်ကို မွန်ပြည်သစ် ပါတီအနေနှင့် လက်ခံနိုင်ခြေ နည်းပြီး ဆက်လက်ညှိနှိုင်းနေရဆဲ ဖြစ်သည်။ ပါတီဌာနချုပ်ကို ဆက်သွယ်သော်လည်း ညှိနှိုင်းဆွေးနွေးဆဲ ဖြစ်သည့် အတွက် အကြောင်းအရာ အသေးစိတ်ကို မပြောနိုင်သေးကြောင်း အကြောင်းပြန်သည်။

မွန်ပြည်သစ်နှင့် ဆွေးနွေးရန်အတွက် ယခင်မွန်ပြည်သစ် ဗဟိုကော်မတီဝင်နှင့် ယခုမွန်ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး နိုင်လဝီအောင် (ခေါ်) နိုင်မြင့်ဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကိုဝန်ကြီး ချုပ် ဦးအုန်းမြင့်က စက်တင်ဘာလတွင်ဖွဲ့စည်းပြီး နေပြည်တော်ဗဟိုအစိုးရသို့ တင်ပြခဲ့သော်လည်း ပယ်ချခံရသည်။

အောက်တိုဘာလ ၆ ရက်နေ့တွင်လည်း NMSP ဘက်မှ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီ ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် အစိုးရဘက်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဌေးမြင့်အောင် ဦးဆောင်သည့် ကိုယ်စားလှယ်များ ရေးမြို့ အခြေစိုက် ခလရ (၆၁) စစ်တပ်ဝင်းတွင် ငြိမ်းချမ်းရေးအတွက် ပဏာမ ဆွေးနွေးခဲ့သေးသည်။

လက်ရှိအခြေအနေအရ အစိုးရက မွန်ပြည်သစ်နှင့် အပစ်အခတ် ရပ်ရေးအတွက် ဆွေးနွေးလိုပြီး၊မွန်ပြည် သစ်က အပစ်အခတ် ရပ်ရေးကိုညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) နှင့်သာ ဆွေးနွေး မည်ဟု မွန်ပြည်သစ်နှင့် UNFC ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ နိုင်ဟံသာက မဇ္ဈိမကို အောက်တိုဘာလ တွင် ပြောကြားခဲ့သည်။

၁၉၉၅ ခု အပစ်အခတ် ရပ်ခဲ့စဉ်က မွန်ပြည်သစ်ပါတီဝင် ရ,၀၀၀ ကျော် ရှိပြီး၊ ၂၀၁၀ အပစ်အခတ်ရပ်ရေး ပျက်ပြားချိန်တွင် ပါတီဝင် ၂,ဝဝဝကျော် ကျန်ရှိကြောင်း ပါတီအသိုင်းအဝိုင်းမှ လာသောသတင်းအရ သိရသည်။

UNFC  အဖွဲ့ဝင်အဖြစ် ပါဝင်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုနောက်ပိုင်း နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် ငြိမ်းချမ်းရေးဆွေးနွေးမည့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ဖွဲ့စည်း လိုက်သည်။

အလားတူ အောက်တိုဘာလ ၂၉ ရက်နေ့တွင်လည်း UNFC အဖွဲ့ဝင်ဖြစ်သည့် ရှမ်းပြည်တပ်မတော် (မြောက်) SSPP/SSA နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်တို့ နေပြည်တော်၌ ပဏာမအဆင့်တွေ့ဆုံဆွေး နွေးခဲ့သည်။

အစိုးရမှ စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးလာလျှင် စုပေါင်းခုခံကာကွယ်နိုင်ရန် UNFC ကို လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၁၂ ဖွဲ့မှ အခြေခံ ခြောက်ဖွဲ့နှင့် မဟာမိတ်ခြောက်ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။

NMSP သည် ၁၉၉၄ခုနှစ်မှစပြီး ယခင် နဝတအစိုးရနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် လေးကြိမ်တိုင် ဆွေးနွေးခဲ့ပြီးနောက် ၁၉၉၅ ခု နှစ်လယ်ခန့်တွင် အပစ်အခတ် ရပ်ရေးသဘောတူချက် ရရှိခဲ့ကာနယ်ခြား စောင့် တပ်နှင့် ပြည်သူ့စစ် အသွင်ပြောင်းရန် နအဖအစိုးရ၏ ဖိအားပေးမှုကို ငြင်းဆန်ရာမှ ၂ဝ၁ဝခုနှစ်၊ စက်တင်ဘာလ၁ ရက်နေ့တွင် ၁၅ နှစ်ကျော် ရယူထားသည့် အပစ်အခတ် ရပ်စဲရေးသဘောတူချက် ပျက်ခဲ့သည်။

 

Most read this week