ကုန်တင်သင်္ဘော ဗုံးခွဲ တိုက်ခိုက်ခံရ

ကုန်တင်သင်္ဘော ဗုံးခွဲ တိုက်ခိုက်ခံရ
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။       ။ ကရင်ပြည်နယ်ဖာပွန် ခရိုင်အတွင်းရှိ မဲ့ဆာလတ်ရွာ ဆိပ်ကမ်းရှိ ကုန်တင် သင်္ဘော တစင်း တနင်္ဂနွေနေ့က ချိန်ကိုက်ဗုံးဟု ယူဆရသည့် ဗုံးတလုံးပေါက်ကွဲမှုကြောင့်ပျက်စီး ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ မဲ့ဆာလတ်ရွာ ဆိပ်ကမ်းမှာ သံလွင်မြစ်ပေါ်တွင် တည်ရှိပြီး ပျက်စီးခဲ့သည့် ကုန်တင်သင်္ဘောမှာ ကျွဲ၊ နွားကောင်ရေ အနည်းဆုံး ၈ဝ ခန့် တင်ဆောင်နိုင်သည်ဟု သိရသည်။

ယင်းပေါက်ကွဲမှု နံနက် ကိုးနာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပေါက်ကွဲမှုကြောင့် ကုန်တင်သင်္ဘောမှာ ခါးလည်မှနှစ်ပိုင်းကျိုးကာ ပျက်စီးခဲ့သည့်အပြင် ဆီဗုံး ၃၀ မှ ၅၀ ထိ တင်နိုင်သည့် အခြား လှေနှစ်စင်းလည်း ပျက်စီးခဲ့သည်။

ယင်းကုန်တင်သင်္ဘောမှာ ထိုင်းနိုင်ငံသားပိုင် သင်္ဘောဖြစ်ကာ မြန်မာနိုင်ငံဘက်တွင် မှတ်ပုံတင်၍ ကုန်စည် ပို့ဆောင်ရေး လုပ်ဆောင်နေသည်ဟု ဒေသခံများ အဆိုအရ သိရသည်။

“သင်္ဘောက အနည်းဆုံး ကျွဲ၊ နွား အကောင် ၈၀ ထိ တင်လို့ ရတယ်။ လူတွေ ဘာတွေတော့ မထိခိုက်ဘူး။ အချိန်ကိုက်ဗုံးပဲ ထင်တယ်။ ကျိုးသွားတဲ့နေရာ သွားပြန်တွေ့တယ်၊ ဓာတ်ခဲငါးလုံး” ဟု မဲ့ဆာလတ် ရွာသားတဦးက မဇ္စျိမကို ပြောသည်။

“အဲဒီဗုံးက ကျည်ဆံတွေ ပါ၊ မပါတော့ မသိဘူး။ ယမ်းအများကြီး ထည့်ပြီး ခွဲတဲ့ဗုံးမျိုး။ ကြီးတော့ ဘေးနားက လှေက လေး၊ ဆီအပုံး ၃၅၊ ၅၀ လောက် တင်တဲ့ လှေနှစ်စီးကတော့ နှစ်ခြမ်း ခြမ်းသွားတယ်။ အဲဒီဗုံး တင်ထားတဲ့ လှေကြီး ကတော့ နှစ်ပိုင်း ပိုင်းသွားတယ်။ အလယ်ကောင်ကနေ နှစ်ပိုင်းကျိုးသွားတယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါ ဗုံးကွဲမှုမှာ မှန်ကန်ကြောင်းနှင့် မည်သို့မည်ပုံ ဖြစ်သည်ကိုမူ အသေးစိတ် မသိသေးရကြောင်း ယင်း ပေါက်ကွဲ ရာ နေရာနှင့် နီးစပ်သည့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၌ တပ်စွဲထားသည့် ကျောင်းသား တပ်မတော် ABSDF ထံမှ စုံစမ်းသိရှိရသည်။

“သံလွင်မြစ်ကမ်းနားက ရွာတရွာရဲ့ လှေဆိပ်မှာ လှေအကြီး တစင်းပေါ့။ အဲဒီလှေအကြီးတစင်းမှာ ဗုံးဒါမှ မဟုတ် မိုင်းတခု ကွဲတယ်လို့ ဆိုပါတယ်။ အဲဒီလောက်ထိပဲ ကျနော်တို့ သိပါသေးတယ်။ Report တွေက တော့ မလာသေးဘူး” ဟု တာဝန်ခံဖြစ်သူ ရဲဘော်ဝင်းတင့်ဟန်က ပြောဆိုသည်။ 

အဆိုပါသင်္ဘောမှာ စစ်အစိုးရတပ်များက တပ်အပြောင်းအလဲ လုပ်ရန် အတွက် ကူညီပေးရန်လုပ်ဆောင်ခဲ့ သည့် အတွက် ဖောက်ခွဲခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုလျက်ရှိသည်။

ယခုအချိန်အထိ ပေါက်ကွဲခံရသည့် သင်္ဘောကို ပျက်စီးမှုအတိုင်း ဆက်လက်ထားရှိထားပြီး အစိုးရအာဏာ ပိုင်များက လုံခြံုရေးချထားကာ စုံစမ်းမှုများ ပြုလုပ်လျက်ရှိသည်။

“နအဖစစ်တပ်က ဒါးကွင်းအနီးက ဒီသော်လေးထကို ပြောင်းမယ်။ တပ်ပြောင်းတာတော့ မဟုတ်ဘူး။ တပ်ချိန်းတာပေါ့။ အဲဒီတပ်ချိန်းတဲ့ဟာကို သွားပို့ပေးဖို့ အကူအညီတောင်းတယ်။ အဲဒီဘက်ကထောက်လှမ်း ရေးတွေ ဘာတွေ က မြင်သွားတာမို့လို့ အဲဒီဘက်က စွပ်စွဲတာတွေ ရှိမှာပဲ။ လာမှာက ဖာပွန်က လာမယ့် တပ်တွေပဲလေ။ တပ်ရင်း ၃၀၂ လား ဘာလား မသိဘူး” ဟု ယင်းရွာဒေသခံက ပြောသည်။

ယင်း မဲ့ဆာလတ်ဆိပ်ကမ်းအား သော်လေးထ ဆိပ်ကမ်းဟုလည်း ခေါ်ဆိုသည်ဟု သိရသည်။ ဖောက်ခွဲမှုနှင့် ပတ်သက်၍ မည်သည့် လက်နက်အဖွဲ့၏ လုပ်ရပ်ဆိုသည်ကိုမူ ယခုအချိန်အထိ အတည်မပြုနိုင်သေးပေ။

ယင်းပေါက်ကွဲမှုသတင်းကို ကြားသိသော်လည်း မိမိအနေဖြင့် မည်သူလုပ်ကိုင်သည်ကိုမူမပြောဆိုနိုင်သေး ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ရ မှ တပ်ရင်းမှူးတဦးက ပြောဆိုသည်။

“ဗုံးကတော့ သူ့ဟာသူနေရင်တော့ မပေါက်တတ်ဘူးဗျ။ လူတွေလုပ်လို့ ပေါက်တာပဲဗျာ။ အဲဒီတော့ ဘယ်သူ လက်ချက်လဲတော့ ကျနော်တို့လည်း မနီးဘူးဗျ။  ” ဟု ကရင်ပြည်နယ် ဖုတ်ဖရမြို့နယ်ရှိ KNU တပ်မဟာ ရ၊ ၁၀၁ တပ်ရင်းမှူး ဗိုလ်မှူးစောဖောဒိုက ဆိုသည်။

Most read this week