ပြည်ထောင်စု လွှတ်တော် နာယက ဆုံးဖြတ်ချက် အောက်လွှတ်တော် ပယ်ဖျက်

ပြည်ထောင်စု လွှတ်တော် နာယက ဆုံးဖြတ်ချက် အောက်လွှတ်တော် ပယ်ဖျက်
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။      ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် ညီညွတ်ခြင်း မရှိသည့် ပြည်ထောင်စု လွှတ် တော် နာယက ဦးခင်အောင်မြင့်၏ ဆုံးဖြတ်ချက် ကို ပယ်ဖျက်ပေးရန် အောက်လွှတ်တော်မှအင်္ဂါနေ့ တွင် အဆို တင်သွင်းရာ အဆိုကို ကန့်ကွက်သူ မရှိ အတည်ပြုလိုက်သည်ဟုလွှတ်တော်အမတ်များ က ပြောသည်။

အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် “လွှတ်တော် မှ အတည်ပြုပြီးဖြစ်သည့် ဥပဒေကြမ်းများကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ ပေးပို့ စိစစ်ပြီး ပြီးမှသာ သမ္မတက လက်မှတ်ထိုးပြီး ဥပဒေ အဖြစ် ထုတ်ပြန်ရန်” ဟူသည့် ဦးခင်အောင်မြင့်၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ရန် အောက်လွှတ်တော် အခွင့်အရေး ကော်မတီ ဒေါက်တာစိုးရီမှ အဆို တင်သွင်းခြင်း ဖြစ်သည်။

ဒေါက်တာစိုးရီ၏ အဆိုတွင် “ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ လုပ်ပိုင်ခွင့်မှာ ဥပဒေပြဋ္ဌာန်းပြီးနောက် အငြင်းပွားမှုများ ပေါ်ပေါက်လာမှသာ ခုံရုံးသို့တင်သွင်း၍ ဆုံးဖြတ်ချက် ရယူရမည်။" ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၆) တွင် ပြဋ္ဌာန်းထားခြင်းကြောင့် ဦးခင်အောင်မြင့်၏ ဆုံးဖြတ်ချက်သည် အခြေခံ ဥပဒေ နှင့် ကိုက်ညီမှု မရှိကြောင်း ပါရှိသည်ဟု လွှတ်တော်အမတ်များက ပြောသည်။
meetlotdaw2

ယင်းအပြင် ဒေါက်တာစိုးရီက “ လွှတ်တော် နာယကသည် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြီး ဖြစ်သည့် ဥပဒေကြမ်းများကို ဥပဒေ အဖြစ် ထုတ်ပြန်နိုင်ရန် သမ္မတထံသို့ ပေးပို့ရမည်။ ” ဟူသည့် ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ နည်းဥပဒေ အပိုဒ် (၁ဝ၆)တွင် ပြဋ္ဌာန်းထားသည်ကိုလည်း ကိုးကား တင်ပြသွားခဲ့သည်။

ဦးခင်အောင်မြင့်၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးရန် အင်္ဂါနေ့ ဆွေးနွေးရာ အောက်လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းမှလည်း “ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်သည်၊ လွှတ်တော်၏ ဂုဏ်သိက္ခာကို ထိခိုက် စေနိုင်သည်။” ဟု ဆိုလိုက်ပြီး ယင်းဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လွှတ်တော်အတွင်း ပြန်လည်ကာ“အဆိုတင် သွင်း ဆွေးနွေးမှုပြုနိုင်ခြင်းသည် နိုင်ငံတော်နှင့် လွှတ်တော်၏ ဂုဏ်သိက္ခာကို ပြန်လည်ရရှိသည်။” ဟုထည့် သွင်းဆွေးနွေးသွားကြောင်း ဗုဒ္ဓဟူးနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြပါရှိသည်။

အောက်လွှတ်တော်၏ ပယ်ဖျက်ပြီးနောက် အထက်လွှတ်တော်သို့ တနေ့တည်းတွင်ပင် ပေးပို့အကြောင်းကြား လိုက်သည်။ သို့ဖြစ်၍ ပြည်ထောင်စု လွှတ်တော်တွင် ပြန်လည် ဆွေးနွေးမှုပြုရမှာ ဖြစ်သည်။

ဒေါက်တာစိုးရီ၏ အဆိုကို ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်မှ ဦးဘရှိန်၊ ကြံ့ခိုင်ရေးပါတီဝင်များဖြစ်သည့် အမ်းမြို့ မဲဆန္ဒနယ်မှ ဦးသိန်းဆွေ၊ ညောင်တုန်းမြို့နယ် မဲဆန္ဒနယ်မှ ဦးအောင်မြသန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု၊ စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ဒေါ်ဒွဲဘူတို့မှ ထောက်ခံ ဆွေးနွေးခဲ့ကြသည်။