ချင်းမိုင်(မဇ္စျိမ) ။ ။ရန်ကုန်မြို့ အိုးအိမ်ဖွံ့ဖြိုးရေး ရုံးရှေ့တွင် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေကို ပယ်ဖျက်ပေးရန် ဆန္ဒပြရာတွင်ပါဝင်ခဲ့ မှုဖြင့် ရဲကဖမ်းဆီးခဲ့သော ရှေ့နေ ကိုဖိုးဖြူအပါ အဝင် ခုနှစ်ဦးတို့ကို အာမခံဖြင့် သောကြာနေ့တွင် ပြန်လွှတ်ပေးလိုက်သည်။
ဗိုလ်တထောင် ရဲစခန်း အချုပ်တွင် တညတာ နေခဲ့ရပြီးနောက် လယ်သမား ၁၂ ဦးက စုစုပေါင်း အာမခံ ကျပ်သိန်း ၅၀ ဖြင့် အာမခံပေးရာက ခုနှစ်ဦး လွတ်မြောက်လာခြင်း ဖြစ်သည်။
ကိုဖိုးဖြူ၊ ဒဂုံမြို့သစ်တောင်ပိုင်း ကျီစုကျေးရွာသား လယ်သမားများ ဖြစ်သော ဦးစိုးနိုင်၊ ဦးခင်ထွေး၊ ဦး အောင်မြင့်၊ ဦးသိန်းထွန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင်းကျေးရွာမှ ဦးညို နှင့် ဟင်းချက်သင်တန်း ကျောင်းဆရာတဦးဖြစ်သူ ဦးသီအောင်တို့ကို ရဲက ဥပဒေမဲ့ လူစုလူဝေးတွင်ပါဝင်မှု ပုဒ်မ ၁၄၃၊ အမိန့်ဖီဆန်မှု ၁၄၅ နှင့် တရားစွဲဆိုထားပြီး နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်တွင် တရားရုံး ရုံးချိန်းပေး ထားသည်။
“လွှတ်တော်မှာ တင်သွင်းပေမယ့် လွတ်တော်မှာ အလိမ်အညာတွေပဲ ဖြစ်လာတယ်။ လယ်ယာမြေ ဥပဒေ မူကြမ်းတွေ ထွက်လာတယ်။ ဥပဒေမဲ့ လယ်လက်လွတ် ဆုံးရှုံးတဲ့ သူတွေအတွေကို ဘယ်လို အဖြေမျိုးမှ ပါမလာဘူး။ တကယ်တမ်းမှာ ကျနော်တို့ တောင်သူတွေ စားဝတ်နေရေး ကျပ်တည်းတာတွေ ပိုမိုပြင်းထန်
လာလို့ ကျနော်တို့ ဒီလမ်းကို ရွေးလိုက်ရတာပါပဲ” ဟု ကိုဖိုးဖြူက ပြောသည်။
ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်လမ်းပေါ်ရှိ အိုးအိမ်ဖွံ့ဖြိုးရေး ဌာနရုံးရှေ့တွင် လယ်သမားတစု ပါဝင်သည့် ဆန္ဒပြသူများက ၁၉၅၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည် “လယ်သမားမြေ ပိုင်ဆိုင်ခွင့် ဥပဒေ” အရ မြေအားလုံး ကို နိုင်ငံတော်က ပိုင်ဆိုင်ကြောင်း ပြဋ္ဌာန်းထားခြင်းကို ဖျက်သိမ်းပေးရန်နှင့် သိမ်းဆည်းခံ လယ်မြေများ
ပြန်လည်ခွဲဝေပေးရန်တို့ကို လက်ကိုင်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒဖေါ်ထုတ် တောင်းဆိုခဲ့သည်။
မိနည်းအနည်းငယ်အတွင်း ရဲအင်အား ၁၀၀ ခန့်ရောက်ရှိလာရာ ဆန္ဒပြမှု ပြီးဆုံးသွားခဲ့သည်။ ထို့နောက် ဦးဆောင်သူများကို သတင်းရဲတပ်ဖွဲ့မှ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ဖမ်းဆီး ခေါ်ဆောင်သွား
၍ နှစ်နာရီခန့်ကြာ စစ်ဆေး မေးမြန်း ပြီးနောက် ရဲစခန်းသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
"ကျနော်တို့ စစ်ဆေးတဲ့ နည်းလမ်းက မျက်နှာကို အုပ်တယ်။ အိတ်အမဲကို ခေါင်းကိုစွပ်ပြီး အုပ်တယ်။ စစ်တယ်။ အသက်ရှုကျပ်တယ်။ စစ်ဆေးနေချိန်မှာ တိုက်တဲ့ ရေထဲမှာ ဆေးဝါးပါတယ်လို့ ကျနော်ထင်တယ်။ ကျနော်မူး တယ်။"ဟု ကိုဖိုးဖြူက ပြောသည်။