ပြင်ဆင်လိုက်သော ပါတီမှတ်ပုံတင် ဥပဒေ အောက်လွှတ်တော် အတည်ပြု

ပြင်ဆင်လိုက်သော ပါတီမှတ်ပုံတင် ဥပဒေ အောက်လွှတ်တော် အတည်ပြု
by -
မျိုးသန့်

ချင်းမိုင်(မဇ္ဈိမ) ။       ။ ထောင်ကျဖူးသူကိုနိုင်ငံ ရေးပါတီဝင်မဖြစ်ရဟု ကန့်သတ်ထားချက်ကို ပယ်ဖျက်ခြင်း အပါအဝင် အချက်သုံးချက်ကိုပြင် ဆင်ခဲ့သော "နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း" ဥပဒေမူကြမ်းကို အောက်လွှတ်တော်တွင် ကြာသပတေးနေ့က အတည်ပြုလိုက်သည်။

nationlotdaw
၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် ပြဋ္ဌာန်းခဲ့သော "နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း" ဥပဒေဟောင်းတွင် ပါတီဝင်များ သည် ထောင်ဒဏ် ကျခံရသူများ မဟုတ်ရဟု ကန့်သတ်ထားချက်ကို ပယ်ဖျက်လိုက်ပြီ ဖြစ်သလို ပါတီတခုသည်ရွေးကောက်ပွဲများ တွင် အနည်းဆုံးသုံးနေရာ ဝင်ပြိုင်ရမည်ဟုကန့်သတ်ထား ချက်ကိုလည်း ရွေးကောက်ပွဲ အပြီးပေါ်ပေါက်လာသော ပါတီသစ်များနှင့် သက်ဆိုင်မှုမရှိဟုလည်း ပြင်ဆင်လိုက်သည်။

ထို့အပြင် ဖွွဲ့စည်းပုံ အခြေခံ ဥပဒေကို "ထိန်းသိမ်း စောင့်ရှောက်ရမည်" ဟူသော စကားရပ် အစား "လေးစား လိုက်နာရမည်" ဟုလည်း ပြင်ဆင်လိုက်သည်။

နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေနှင့် ၂ဝဝ၈ ခုနှစ်က အငြင်းပွားဖွယ်ရာ ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သော အခြေခံ ဥပဒေပါ အချက်အချို့ကို သဘောမတူသဖြင့် နှစ် ၂၀ အတွင်း ပထမဆုံး လုပ်ခဲ့သောရွေးကောက် ပွဲ ကို သပိတ်မှောက် ခဲ့သော အဓိက အတိုက်အခံ ပါတီကို ဦးတည်၍ ပြင်ဆင်သည်ဟုယုံကြည် ရသော ပါတီ မှတ်ပုံတင် ဥပဒေကိုအောက်တိုဘာ ၅ ရက်နေ့က အထက်လွှတ်တော်တွင် ဆွေးနွေးခဲ့ပြီးနောက် အောက်လွှတ်တော်သို့ ပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါမူကြမ်းကို လွှတ်တော်ရုံးမှ သမ္မတရုံးသို့ ပေးပို့အပြီး သမ္မတ ဦးသိန်းစိန်မှ လက်မှတ်ရေးထိုးပြီးလျှင် ဥပဒေအဖြစ် ထွက်ရှိလာမှာ ဖြစ်သည်။

အန်အယ်ဒီပါတီ အနေဖြင့် ပြင်ဆင်လိုက်သော ပါတီမှတ်ပုံတင် ဥပဒေကို လေ့လာကာ တရားဝင်မှတ်ပုံ တင်ရေး စဉ်းစားမည်ဖြစ်သည်ဟု ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်က ဝေါ်လ်စထရိသတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

"နိုင်ငံရေး ပါတီမှတ်ပုံတင်ခြင်း စည်းမျဉ်း စည်းကမ်းတွေနဲ့ အတော်ကိုပဲ တည်မှီနေပါတယ်။ တချို့ စည်းမျဉ်း စည်းကမ်းတွေကို ပြောင်းထားတဲ့ အထက်လွှတ်တော်က အတည်ပြုလိုက်တဲ့မူကြမ်းကိုအောက် လွှတ်တော်မှာ အခုဆွေးနွေးနေပါတယ်။ အဲဒါကိုအတည်ပြုလိုက်တာနဲ့ ကျမတို့အနေနဲ့ မှတ်ပုံတင်၊ မတင်ကို ဆုံးဖြတ်နိုင်မှာဖြစ်တယ်"ဟု ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်က ဝေါ်လ်စထိရိသတင်းထောက်ကို ပြောကြားထားသည်။

၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရန် ရက် ၆၀ အချိန်ပေးထားချိန်တွင် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့မှာ နေအိမ်တွင် အချုပ် အနှောင်များဖြင့် ရှိနေခဲ့သည်။

ပါတီကို မှတ်ပုံတင်ရေး၊ မတင်ရေး ပါတီတွင်း၊ ပါတီပြင်ပင် ငြင်းခုံမှုများဖြစ်ပေါ်ခဲ့ပြီး ထောင်ကျနေသူ ပါတီဝင်များကို ထုတ်ပစ်ရမည့် အဖြစ်ကို မလိုလားကြောင်း ဆန္ဒပြုသူက များခဲ့သည်။ ပါတီထိပ်တန်း ခေါင်းဆောင် အချို့ကတော့နှုတ်ထွက်ကာ အမျိုးသား ဒီမိုကရေစီ အင်အားစုဟု ထူထောင်ပြီးရွေးကောက် ပွဲဝင်ခဲ့သည်။

၂ဝဝ၈ ခုနှစ် မေလ လူပေါင်း တသိန်းလေးသောင်းကျော် သေဆုံးခဲ့ရသော နာဂစ် ဆိုင်ကလုံး မုန်တိုင်း တိုက်ပြီးကာစဖြစ်သော်လည်း ၁၄ နှစ်ကျော်ကြာ ရေးဆွဲခဲ့သော စစ်တပ်ကို နိုင်ငံအုပ်ချုပ်ရေးတွင် ပါဝင်ခွင့်ပေးထားသည့် အခြေခံ ဥပဒေကို ဆန္ဒခံယူရာ ၉ဝ ရာခိုင်နှုန်းကျော် ထောက်ခံချက်ဖြင့်အတည် ဖြစ်လာခဲ့သည်။

အတိုက်အခံများက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သော အခြေခံဥပဒေကို လွှတ်တော်တွင် ပြင်ဆင်မှုနှင့် ပတ်သက်၍ "လေးစားလိုက်နာရမယ်ဆိုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေတင် မကဘူး၊ ဘယ်ဥပဒေမဆို ထုတ်ပြန်ပြီးရင် ပြည်သူ လူထုက လေးစားလိုက်နာရမယ်။ ကာကွယ် စောင့်ရှောက်ဖို့ကျတော့ ဒါကြီးကို မထိရဘူး၊ ထိလို့မရဘူး ဆိုတော့ ဒါက မလိုအပ်ဘူးလေ။ အဲဒီလို အသုံးအနှုန်းနှစ်ခုက ကွာတယ်” ဟု အန်အယ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမသို့ပြောကြားခဲ့ဖူးသည်။

Most read this week