ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဦးဟန်ယောင်ဟွေ ခရီးစဉ်

ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဦးဟန်ယောင်ဟွေ ခရီးစဉ်
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။      ။ ဦးဟန်ယောင်ဟွေ၏ မြန်မာပြည် လည်ပတ်မှု ခရီးမှာ ငြိမ်းချမ်းရေးအတွက် သာ ဖြစ်ကြောင်း ဒီမိုကရက်တစ် ပါတီ ငါးပါတီနှင့် ကြာသပတေးနေ့ တွေ့ဆုံရာတွင်ပြောဆို ခဲ့သည်ဟု သိရသည်။

တွေ့ဆုံမှုကို ရန်ကုန်ရှိ NDF ပါတီရုံးတွင် နံနက် ၉ နာရီမှ ၁၁ နာရီခန့်အထိ ပြုလုပ်ခြင်းဖြစ်ကာ ဒီမိုက ရက်ငါးပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ - NDF ၊ ဒီမိုကရက်တစ်ပါတီ- မြန်မာ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၊ ဝံသာနု NLD ပါတီနှင့် ပြည်ထောင်စု ဒီမိုကရေစီ ပါတီ UDP တို့လည်း ပါဝင်သည်။

“သူက အဓိက သူလာတာကတော့ ငြိမ်းချမ်းရေး လုပ်ဖို့။ တိုင်းရင်းသားတွေ ငြိမ်းချမ်းရေး ရအောင် ကြိုးစားဖို့ လာတယ်လို့တော့ သူပြောပါတယ်” ဟု ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဒေါ်နေရီဗဆွေက မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး “ပထမတော့ Cease-fire ပေါ့။ Cease-fire ကို ကြိုးစားမယ်ပေါ့။ Cease-fire လုပ်ပြီးမှ သာ ဟိုဘက် ဒီဘက် ဖြစ်နိုင်ဆုံး အခြေအနေ ကနေပြီး ညှိနှိုင်းဆွေးနွေးလို့ ရှိရင် တဖြည်းဖြည်း၊တဖြည်း ဖြည်းတော့ အချိန်ကတော့ ယူရမှာပေါ့လေ။ နည်းလမ်းတော့ ရှာလို့တွေ့မယ်လို့တော့ သူကြိုးစားသွာ းမယ်လို့တော့ ပြောတာပဲ” ဟု ဆိုသည်။

သို့သော် မည်သို့မည်ပုံ ကြိုးစားသွားမည်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိသော်လည်း လာမည့် နိုဝင်ဘာလ အတွင်းမြန်မာပြည်သို့ ပြန်လာဦးမည် ဖြစ်ကြောင်း သိရသည်။

hanhoyဦးဟန်ယောင်ဟွေမှာ မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက်၏ သားအငယ်ဆုံးဖြစ်ကာ ၁၉၆၃ ခုနှစ်မှ စ၍မြန်မာပြည်မှ ထွက်ကာ ဘယ်လ်ဂျီယံနိုင်ငံတွင် အခြေချ နေထိုင်နေသူ ဖြစ်သည်။ ၁၉၉၇ ခုနှစ်က ဖွဲ့စည်းခဲ့သည့်ပြည်ပအခြေစိုက် မြန်မာ့ဒီမိုကရေစီ တိုးတက်ရေး ဥရောပရုံး Euro-Burma Office ၏ ညွှန်ကြားရေးမှူးလည်းဖြစ်ကာ တိုင်းရင်းသား လူမျိုးစုများ ကောင်စီ -ENC ၏ အကြံပေးလည်းဖြစ် သည်။ ထို့အပြင် နော်ဝေးအခြေစိုက် အတိုက်အခံ သတင်းဌာနဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ- DVB တွင်လည်း  ယာယီ ဦးဆောင်ညွှန်ကြားရေးမှူး အဖြစ် တာဝန်ယူထားသည်။

ဘယ်လ်ဂျီယံ အခြေစိုက် ဥရောပ-မြန်မာရုံးမှာ ဥရောပသမဂ္ဂ၊ ဂျာမနီနိုင်ငံ Friedrich Ebert ဖောင်ဒေးရှင်း၊ ဆွီဒင်၊ နော်ဝေ၊ ကနေဒါနိုင်ငံတို့၏ ကူညီ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အစိုးရတရပ်ပေါ် ပေါက်ရန် လှုပ်ရှားနေသည့် အဖွဲ့အစည်းများအား ပံ့ပိုးပေးသည်။

နှစ်ဖက် တွေ့ဆုံမှုအတွင်း လွှတ်တော်နိုင်ငံရေးနှင့် ပတ်သက်၍ သီးခြား မှတ်ချက်ပေးခြင်း မရှိခဲ့သော်လည်း လွှတ်တော် နိုင်ငံရေး တည်မြဲရေး အတွက် ငြိမ်းချမ်းရေး အပေါ်တွင် အခြေခံသည်ဟု ပြောဆိုခဲ့ပြီး ယင်းမှ သာ အာဏာဖြင့် အုပ်ချုပ်သည့်စနစ် ပပျောက်မည်ဖြစ်ကြောင်း အပြန် အလှန် ဆွေးနွေးခဲ့သည်။

လွှတ်တော် နိုင်ငံရေးဖြင့်သာ ဒီမိုကရေစီ ပြောင်းလဲမှုကို ဖော်ဆောင် နိုင်မည် ဖြစ်ကြောင်းယုံကြည်ကြ သော်လည်း ကျန်သည့် ငြိမ်းချမ်းရေးနှင့် စီးပွားရေး ကိစ္စများတွင်မူ အမြင် ကွဲပြားလေ့ရှိသည်ဟုသိရ သည်။ “လွှတ်တော် နိုင်ငံရေးနဲ့ပဲ ဆက်လုပ်သွားရမယ် ဆိုတဲ့ အခြေခံအချက် ကြီးကိုတော့ အားလုံးက သဘောတူ ပါတယ်။” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ- NDF မှ ဦးခင်မောင်ဆွေက ပြောသည်။

“ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ နေရာမျိုးတွေ၊ စီးပွားရေး ဖွံ့ဖြိုးဖို့ ကိစ္စတွေ၊ ဒီထက်ပိုပြီးတော့ လျင်လျင် မြန်မြန်နဲ့ ဒီမိုကရက်တစ် အပြောင်းအလဲတွေ ဖြစ်ဖို့ဆိုတဲ့ နေရာမှာတော့ ပြည်တွင်းက လူတွေနဲ့ ပြည်ပက လူတွေနဲ့ သိတဲ့ အချက်တွေ မူတည်ပြီးတော့ ကွာတာပေါ့။ နည်းနည်းလေး လွဲသွားတာပေါ့။ ဒါပြန်ပြီး တော့ ဆွေးနွေးလိုက်တဲ့ အခါ ကျတော့လည်း သြော် ဒီလို ရှိပါလားပေါ့ဗျာ”  ဟု  သူကဆက်ပြော သည်။

တွေ့ဆုံမှုအတွင်း DVB သတင်းဌာနတွင်လည်း ပြည်တွင်းရှိ နိုင်ငံရေးပါတီများ၏ သဘောထားအမြင်များ၊ ဒီမိုကရေစီ လှုပ်ရှားမှု တခုလုံးအား စာနယ်ဇင်း ကျင့်ဝတ်နှင့် အညီ တင်ပြသင့်ကြောင်း NDF မှအကြံပြု ခဲ့သည်။

မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု မရှိခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေခြင်း၊ တန်းတူအခွင့် အရေး မရှိခြင်းများကို လက်ခံကြောင်းနှင့် လူတစုလက်ဝါးကြီးအုပ် စီးပွားရေး မဖြစ်စေရန် လိုအပ်နေ ကြောင်း ဦးဟန်ယောင်ဟွေက တင်ပြခဲ့သည်။

ဦးဟန်ယောင်ဟွေမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ညနေပိုင်းတွင် တွေ့ဆုံရန်ရှိကာ တိုင်းရင်းသား ပါတီများနှင့် လည်း တွေ့ဆုံသွားမည် ဖြစ်ကြောင်း ဦးခင်မောင်ဆွေ အဆိုအရ သိရသည်။

သို့သော် “ကျနော်တို့ ရုံးထုံးစံ လာရမယ့် လမ်းကြောင်းမှာတော့ မတွေ့ဘူး။ ကျန်တဲ့ တိုက်ရိုက်ဆက်သွယ် ရင်တော့ ကျနော် မသိဘူး ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။

ဦးဟန်ယောင်ဟွေမှာ မြန်မာပြည်ခရီးစဉ်အတွင်း မွေးရပ်ဇာတိ ရှမ်းပြည် ညောင်ရွှေနှင့်အခြားနေရာများသို့ လည်း သွားရောက် လည်ပတ်မည် ဖြစ်ကာ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ သို့ ပြန်မည်ဖြစ်သည်။