အမေရိကန် ကိုယ်စားလှယ် ထပ်မံရောက်ရှိ

အမေရိကန် ကိုယ်စားလှယ် ထပ်မံရောက်ရှိ
by -
ကိုပေါက်

နယူးဒေလီ (မဇ္ဈိမ) ။       ။ အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက်ခ် ဂျေ မစ်ချဲလ် Derek J. Mitchell သည် ၎င်း၏ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရန်ကုန်မြို့သို့ တနင်္လာနေ့ က ရောက်ရှိနေသည်။

မကြာမီ နေပြည်တော်ရှိ အစိုးရ အရာရှိများနှင့် တွေ့ဆုံနိုင်ရန် သွားရောက်မည်ပြီး ခရီးစဉ် အတွင်း နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွှတ်ပေးရေး ဖိအားပေးသွားရန်နှင့် လူမျိုးစု ဒေသများ အတွင်း စစ်မက်ဖြစ်ပွားမှု ကိစ္စများနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း AP သတင်းတပုဒ်တွင် ရေးသားထားသည်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် တွေ့ဆုံ နိုင်လိမ့် မည် ဟုပြောခွင့်ရ ဦးအုန်းကြိုင်က မျှော်လင့်သည်။
dasskanddelmischel1
“ ဘယ်တော့တွေ့မယ် ဆိုတာတော့ မပြောတတ်သေးဘူး။ ခုချိန်ထိတော့ ဘာမှမသိသေးဘူးဗျ” ဟု ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။

ယခုခရီးစဉ်သည် Derek Mitchell ၏ ဒုတိယအကြိမ် ဖြစ်ပြီး စက်တင်္ဘာလအတွင်းက လာရောက်စဉ် နေပြည်တော်အစိုးရ အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံခဲ့ပြီး မြန်မာ့ နိုင်ငံရေးတွင် ပြောင်းလဲ တိုးတက်မှု ရှိကြောင်း ပြောဆိုခဲ့သည်။

မစ္စတာမစ်ချဲလ်သည် သံအမတ်ကြီး အဆင့်ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေးဌာနက ကြေငြာထား သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် မြန်မာ စစ်တပ်က အာဏာသိမ်းသည့်နောက် အမေရိကန်နိုင်ငံက မြန်မာ နိုင်ငံရှိ သံအမတ် ကို ပြန်လည်ခေါ်ယူပြီး သံတမန် ဆက်ဆံရေးကို အဆင့် လျှော့ချ ထားခဲ့သည်။

မစ္စတာ မစ်ချဲလ်အား မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်ရန် လွှတ်တော်၌စာရင်းသွင်းစဉ် ကမြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုခဲ့ပြီး မြန်မာ့ဒီမိုကရေစီရေးအတွက်စစ်မှန် သည့် ကူညီမှုမျိုးရနိုင်ရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။

မစ္စတာ မစ်ချဲလ်သည် အာရှနှင့် ပစိဖိတ်ဒေသ လုံခြံုရေးရာ ကာကွယ်ရေး ဝန်ကြီးဌာန၏ ဒု-လက်ထောက် ကာကွယ်ရေး ဝန်ကြီးတာဝန်ကို ၂ဝဝ၉ ခုနှစ် ဧပြီလ မှ ၂ဝ၁၁ ခုနှစ် သြဂုတ်လအထိ ထမ်းဆောင်ခဲ့သည်။

ထိုသို့ အာရှ အတွေ့အကြံုနှင့် တရုတ်နိုင်ငံ အတွေ့အကြံုများရှိသူ မစ္စတာ ဒဲရက်ခ် မစ်ချဲလ်ကို မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး အဖြစ် ခန့်ထားရန် အမေရိကန်သမ္မတ ဘားရက် အိုဘားမား၏ အဆိုပြုခဲ့ပြီး၊ အမေရိကန် အထက်လွှတ်တော်မှ သြဂုတ်လ ၁၅ ရက်နေ့တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

Most read this week