အိန္ဒိယက မြန်မာကို သန်း ၅ဝဝ ချေးငွေ ခွင့်ပြု

အိန္ဒိယက မြန်မာကို သန်း ၅ဝဝ ချေးငွေ ခွင့်ပြု
by -
ကိုပေါက်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာကို အိန္ဒိယက ဒေါ်လာ သန်း ၅၀၀ ချေးငွေယူခွင့်ပြုလိုက်ပြီးလုံခြံုရေးကိစ္စ ရပ် များလည်း တိုးချဲ့ ပူးပေါင်း ဆောင်ရွက်သွား မည်ဟု သိရသည်။

သောကြာနေ့ နေ့လည်ပိုင်းက နယူးဒေလီမြို့တွင် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းတို့ တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့အပြီး  ဆည်မြောင်းလုပ်ငန်း အပါအဝင် မြောက် များလှသော ပရောဂျက်များ အတွက် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း IANS သတင်းဌာန အင်တာနက် စာမျက်နှာ တွင် ဖော်ပြပါရှိသည်။

အစိုးရအဖွဲ့ဝင် ဝန်ကြီး ၁၃ ဦး ပါဝင်သည့်  ဦးသိန်းစိန်၏ လေးရက်ကြာ အိန္ဒိယ ခရီးစဉ်အတွင်း နှစ်နိုင်ငံ စီးပွားရေး၊ စွမ်းအင်နှင့် လုံခြံုရေးကိစ္စ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်ရေး အပါအဝင် ကိစ္စရပ် အတော်များများဆွေးနွေးဖြစ်ခဲ့ကြသည်။
indian1
“နှစ်နိုင်ငံ ခေါင်းဆောင်များ အနေဖြင့် တဖက်အား ဘေးအန္တရာယ်ဖြစ်စေမည့် မည်သည့် လှုပ်ရှားမှုကိုမျှ နှစ်ဖက်နယ်မြေတွင် ခွင့်မပြုရန်နှင့် အကြမ်းဖက်သမားများ၊ လက်နက်ကိုင် သူပုန်အဖွဲ့များ ခိုလှုံခြင်း၊ သင်တန်းပေးခြင်းနှင့် အခြား လှုပ်ရှားမှုများ ပြုခြင်းကို နှစ်နိုင်ငံ မည်သည့် နယ်နိမိတ်အတွင်းမှာမှ ခွင့်မပြုရန် ပိုင်းဖြတ်ကြောင်း ထပ်လောင်းပြောဆိုသည်” ဟု နှစ်နိုင်ငံခေါင်းဆောင်များ ပူးတွဲကြေညာချက်တွင် ဖော်ပြ ပါရှိသည်။

စက်တင်္ဘာလအတွင်းက မြန်မာကုန်သွယ်ရေး ဝန်ကြီး ဦးဝင်းမြင့် လာရောက်စဉ်ကလည်း ၂ဝ၁၅ တွင် နှစ်နိုင်ငံ ကုန်သွယ်ရေး ပမာဏအား ဒေါ်လာသန်း သုံးထောင်အထိ နှစ်ဆ တိုးမြှင့်သွားရန်သဘော တူညီခဲ့ကြသေးသည်။

နက်ဇယ်လိုက် Naxalites ခေါ် အိန္ဒိယ မော်ဝါဒီသူပုန်များ အနေဖြင့် မြန်မာ့မြေပိုင်နက်ထဲတွင် မကြာမီ ရက်သတ္တပါတ် များ အတွင်း စစ်သင်တန်း စခန်းများ ဖွင့်ရန် စီစဉ်နေသည့် အထောက်အထားများ တွေ့ရှိ ရကြောင်း အောက်တိုဘာ ၁ဝ ရက်နေ့ထုတ် Times of India သတင်းစာကြီးတွင် ရေးသားထားသည်။

PLA, ULFA, UPLF, PREPAK, KCP, KYKL, RPF နှင့် UNLF တို့အပါအဝင် မြန်မာပိုင်နက်ထဲတွင် အိန္ဒိယ လက်နက်ကိုင်သူပုန် ရှစ်ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်ကြကြောင်း သတင်းစာများတွင် ရေးသားထားသည်။

မြန်မာ စက်မှု (၂ ) ဝန်ကြီး ဦးစိုးသိန်းနှင့် အိန္ဒိယ အကြီးစား စက်မှုဝန်ကြီး  Shri Praful Patel တို့လည်း
နှစ်နိုင်ငံ ကုမ္ပဏီများနှင့်စက်မှုလုပ်ငန်းများ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြ
ကြောင်း အိန္ဒိယအစိုးရ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most read this week