နယူးဒေလီ (မဇ္ဈိမ) ။ ။ စာပေစိစစ်ရေး ရှိနေသမျှ ၎င်း၏စာများအား ပြန်လည်ပုံနှိပ်ထုတ် ဝေခွင့် မပြုနိုင်ကြောင်း အမေရိကန် နိုင်ငံတွင် အခြေ ချနေထိုင်နေသူ စာရေးဆရာကြီး မောင်သာရ က မြန်မာစာပေလောကသို့စာရေး သားပေးပို့ လိုက်သည်။
တချိန်က မြန်မာဝတ္ထုတို/ရှည် လောကတွင် ထင်ရှားကြော်ကြားခဲ့သော ဘဝသရုပ်ဖော် စာရေးဆရာကြီး မောင်သာရ၏ အဆိုပါစာကို အောက်တိုဘာ ၁ဝ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ်တွင် ဖော်ပြပါရှိသည်။
“ကျုပ် မောင်သာရ ရေးခဲ့တဲ့ လုံးချင်းဝတ္ထုတွေ၊ ဝတ္ထုတိုပေါင်းချုပ်တွေ၊ ဆောင်းပါးပေါင်းချုပ်တွေ အစရှိတဲ့ စာမူတွေ မှန်သမျှကို စာပေစိစစ်ရေး ရှိနေသမျှ ကာလပတ်လုံး ပြန်လည် ပုံနှိပ် ထုတ်ဝေဖြန့်ချိဖို့ လုံးဝခွင့်ပြုမှာ မဟုတ်ပါဘူး”ဟု အစချီကာ ‘သက်ဆိုင်သူများသို့’ လိပ်မူ၍ ရေးသားထားသည်။
မောင်သာရ၏ စာမူအချို့အား လျှပ်တပြက်နှင့် ရွှေအမြုတေ မဂ္ဂဇင်းတို့တွင် ပြန်လည် ဖော်ပြပါရှိခဲ့ဖူးသော် လည်းယခု ကန့်ကွက်သည်မှာ အမျိုးသား စာပေဆုရ ‘မတ်တတ်ရပ်လို့ လမ်းမှာငို’ နှင့် ‘မငိုရဘူး မရယ်ရဘူး’ လုံးချင်း ဝတ္ထုများအား သမီးဖြစ်သူက ပြန်လည် ထုတ်ဝေရန် စီစဉ်နေခြင်းအပေါ် ကန့်ကွက်ခြင်းဖြစ်နိုင် ကြောင်း အလင်းတန်း ဂျာနယ် အယ်ဒီတာ ဦးဝင်းငြိမ်းက ပြောသည်။
“သူ့လုံးချင်း နှစ်အုပ်ကို စိတ်ကူးချိုချိုက ထုတ်ဖို့ သမီး ဖြိုးသာရ က စာပေစီစစ်ရေးကို တင်လိုက်တာ။ အဲဒါ ကျပြီးပြီ။ ဒီတပါတ် သောကြာထုတ် လျှပ်တပြက်မှာ အားမာန်သစ်ကနေ သူ့စာအုပ်တွေ ထုတ်မယ်လို့ သတင်းပါသွားတယ်။ အဲဒါလည်း သူ မကျေနပ်ဘူးပေါ့” ဟု အလင်းတန်းဂျာနယ် အယ်ဒီတာ ဦးဝင်းငြိမ်းက မဇ္စျိမကို ပြောသည်။
အမည်ရင်း (ဦး)သိန်းလွင် (မောင်သာရ)အဖြစ် လက်မှတ်ရေးထိုးထားသည့် အဆိုပါစာတွင် သမီးဖြစ်သူ အပါအဝင် မည်သူမဆို ၎င်း၏ သဘောတူခွင့်ပြုချက် လက်မှတ်မပါဘဲ ပုံနှိပ် ထုတ်ဝေမည် ဆိုပါကနိုင်ငံ တကာ ဥပဒေအရ တရားစွဲဆို အရေးယူသွားမည်ဟုလည်း ဖော်ပြ ပါရှိသည်။
မောင်သာရ၏ ကန့်ကွက်စာအား အလင်းတန်းဂျာနယ်တွင် ဖော်ပြလိုက်သည့် အတွက် သမီး ဖြိုးသာရက ဂျာနယ်တိုက်သို့ လာရောက်၍ မကျေမချမ်း ပြောဆိုခဲ့ကြောင်း သိရသည်။
စာရေးသူ ကိုယ်တိုင်က ကန့်ကွက်လိုက်သည့် အတွက် မောင်သာရ၏ စာအုပ်များ ပြန်လည် ပုံနှိပ်ထုတ်ဝေရန် မဖြစ်နိုင်တော့ကြောင်း ဦးဝင်းငြိမ်းက “ဒီဘက် generation ကလေးတွေကတော့ မောင်သာရဆိုတာ သိပ်မသိ
ပါဘူး။ ကျနော်တို့ကတော့ သူ့စာဟောင်းတွေကို ဖတ်စေချင်တာပေါ့။ ဒီဘက်ခေတ်ကလေးတွေလည်း ဖတ်ဖူး
စေချင်တာပေါ့။ ဒါပေမယ့် သူနဲ့ကလည်း အတော်လေး အလှမ်းကွာတယ်။ သူက အီးမေးလ်လည်းမသုံး တတ်ဘူး ဆိုတော့ ခွင့်ပြုချက် တောင်းဖို့က အတော်ခက်တယ်” ဟု ပြောသည်။
ဆရာမောင်သာရမှာ ၁၉၅၅ တွင် ‘ညှာရွှေတခက် ကြွေရက်ကယ်စော’ ဝတ္တုဖြင့် စာပေလောကထဲ ဝင်လာခဲ့ပြီး လုံးချင်းဝတ္ထုပေါင်း ၆၀ ကျော်၊ ဝတ္ထုတိုပေါင်း ၃၀၀ ကျော် ရေးသားခဲ့ကာ ဝတ္ထုအားပြု ‘သာရ’ မဂ္ဂဇင်းကို
ကိုယ်တိုင်ဦးစီး ထုတ်ဝေခဲ့ဖူးသည်။
ကိုယ်တိုင် ကွင်းဆင်းလေ့လာပြီးမှ ရေးလေ့ရှိသော မောင်သာရ၏ ဘဝသရုပ်ဖော် ဝတ္ထုတချို့အား နိုင်ငံခြား ဘာသာများသို့လည်း ပြန်ဆိုကြကာ တချို့အား ရုပ်ရှင်အဖြစ် ရိုက်ကူးကြသည်။
မောင်သာရ၏ ‘ကျဉ်တုပ်ခံဝံ့ မခံဝံ့’ ဝတ္ထုအား ထိုင်းနိုင်ငံ အခြေစိုက် ခေတ်ပြိုင်စာပေတိုက်မှ ၂၀၀၄ တွင် ဒုတိယအကြိမ် အဖြစ် ပြန်လည် ထုတ်ဝေခဲ့ဖူးသည်။
၁၉၉၉ မှစ၍ အမေရိကန်သို့ ပြောင်းရွှေ့ အခြေချကာ ဇနီး ဒေါ်စန်းစန်းဝင့်နှင့်အတူ Las Vegas မြို့တွင် နေထိုင်လျက် ရှိသည်။
အောက်တိုဘာ ၂၃ ရက်နေ့တွင် မိသားစုနှင့်အတူ ကျင်းပမည့် မောင်သာရ၏ အသက် ၈၀ ပြည့် မွေးနွေပွဲသို့ ပါဝင်ဆင်နွှဲနိုင်ရန် သမီးဖြစ်သူ ဖြိုးသာရ က အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားကြောင်း သိရသည်။