ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတဝှမ်းအကျဉ်း ထောင်များမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခံရသူ အကျဉ်းသား ၆,၃၅၉ ဦးအနက်နိုင်ငံရေးအကျဉ်း သား ၃၀၀ ကျော်ကို ဗုဒ္ဓဟူးနေ့မှ စတင်လွှတ်ပေး မှာဖြစ်ကြောင်း မြန်မာ အကျဉ်းဦးစီးဌာနနှင့်နီး စပ်သော သတင်းရပ်ကွက်တခုက ပြောသည်။
မြစ်ကြီးနားထောင်တွင် ၃၅ နှစ် ထောင်ဒဏ်ကျခံနေရသူ ဟာသသရုပ်ဆောင် ဇာဂနာ၊ စစ်ကိုင်းတိုင်း ခန္တီး အကျဉ်းထောင်တွင် ထောင်ဒဏ် ရှစ်နှစ် ကျခံနေရသော အလုပ်သမားအရေး လှုပ်ရှားသူ ဒေါ်စုစုနွေး၊ ရခိုင်ပြည်နယ် စစ်တွေ အကျဉ်းထောင်တွင် ထောင်ဒဏ် ၁၀၆ နှစ်ကျခံနေရသော အသက် ရ၅ နှစ်အရွယ်ရှိ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်မှ ဗိုလ်ချုပ်ဆေထင်တို့ ပါဝင်သည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။
မဇ္ဈိမအနေဖြင့် သီးခြားသတင်းရပ်ကွက်များနှင့် အတည်ပြု၍ မရနိုင်သော်လည်း သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်အောက်တွင် အကျဉ်းသားများကို သုံးသုတ်ခွဲ၍ လွှတ်မည်ဟု ဆိုသည်။ ပြည်ပ အခြေစိုက် အတိုက်အခံ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) အဆိုအရ မြန်မာနိုင်ငံ တဝှမ်းလုံးတွင် နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ခန့် ရှိသည်ဟု ဆိုသည်။ သို့သော် စာရင်းများကို ပြန်လည် စိစစ်နေဆဲဟုလည်း ကြေညာထားသည်။
အင်္ဂါနေ့က နိုင်ငံပိုင် MRTV (၄) ရုပ်သံလိုင်း ကြေညာချက်က လွှတ်ပေးမည့်သူများတွင် “ အသက်အရွယ် ကြီးရင့် သူများ၊ ကျန်းမာရေး ချို့တဲ့သူများ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သူများ အပါအဝင် အကျဉ်းသား အားလုံး အနက်မှ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီး၊ စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသော အကျဉ်းသား” များကို လွှတ်ပေးမည်ဟု ပါရှိသည်။
ယခုနှစ်အစောပိုင်းက သမ္မတဖြစ်လာပြီးနောက် ဦးသိန်းစိန်က တနှစ်လျော့ပြစ်ဒဏ်ဖြင့် မေလ ၁၆ ရက်နေ့ တွင် အကျဉ်းသား နှစ်သောင်းခန့်ကို လွှတ်ပေးခဲ့ရာ နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ ပါဝင်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက စက်တင်ဘာလအတွင်း ပြောကြားချက်တွင် နိုင်ငံရေးအကျဉ်းသား များ ပါမှသာ လွတ်ငြိမ်းချမ်းသာခွင့်မှာ ထိရောက်လိမ့်မည်ဟု ပြောကြားခဲ့ဖူသည်။ လေ့လာ သူများ အဆိုအရ လွတ်ငြိမ်း ချမ်းသာခွင့်သည် အစိုးရက ရုတ်သိမ်းပေးရန် တောင်းဆိုနေသည့် အနောက်နိုင်ငံများမှ မြန်မာ အပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှု၊ ၂ဝ၁၄ ခုနှစ်တွင် အာဆီယံအသင်း ဥက္ကဋ္ဌ ဖြစ်လိုမှုတို့နှင့် ဆက်စပ်နေသည်ဟု ဆိုသည်။