ချင်းမိုင် (မဇ္ဈိမ)။ ။ မိုးဖျက်၍ မြန်မာနိုင်ငံ၏ အဓိက စပါးစိုက်ပျိုးသည့် ဒေသများ အပါအဝင် ပြည်နယ်နှင့်တိုင်း ဒေသကြီးလေးခုတွင်စပါးခင်း များ ထိခိုက် ပျက်စီးမှု ရှိသဖြင့် ယခုနှစ်ဆန်စပါး ထွက်နှုန်းမှာ တန်ချိန် ၁.၇ သန်း လျော့နည်း လိမ့်မည်ဟု မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ် လုပ်သူများ အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်ကခန့်မှန်း လိုက်သည်။
ယခုနှစ် မိုးကာလတွင် ရေကြီးရေလျှံမှုကြောင့် စပါးခင်း အမြောက်အများ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့၌ ပျက်စီးခဲ့ရာ နှစ်စဉ်ပျမ်းမျှ စပါး အထွက်နှုန်းဖြစ်သော တန်ချိန် ၁၇ သန်း၏ ၁ဝရာ ခိုင်နှုန်း လျော့ကျသွားနိုင်သည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။
“ခါတိုင်းနှစ်တွေလည်း ပျက်စီးမှု ရှိပေမယ့်လို့ ဒီနှစ်က ရာသီဥတု ဖေါက်ပြန်မှု တော်တော်ဆိုးတော့ စပါးတွေ ရေနစ် ပျက်စီးမှုတွေက တော်တော်များတဲ့အခါကျတော့ ထွက်နှုန်းက ခါတိုင်းနှစ်တွေထက် ဆုတ်ယုတ်မှု ပိုများတာပေါ့လေ” ဟု မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ဦးစိန်ဝင်းလှိုင်က မဇ္ဈိမသို့ ပြောသည်။
ဇူလိုင်လလယ်မှ စတင်ကာ စံချိန်တင် ရွာသွန်းခဲ့သည့် မိုးကြောင့် ပျက်စီးဆုံးရှုံးမှု၏ နောက်ဆက်တွဲအဖြစ် ယခုနှစ်အတွက် ပြည်တွင်း၊ ပြည်ပ ဆန်တင်ပို့မှု လျော့နည်းလိမ့်မည် ဖြစ်သော်လည်း ပြည်တွင်းစားသုံးမှု ဖူလုံရေးကိုသာ အဓိက ထားပြီး ပိုလျှံမှသာ နိုင်ငံခြားသို့ ထုတ်ရောင်းသွားမည်ဖြစ်ကြောင်း ပြောသည်။
“ကျနော်တို့ အနေနဲ့ကတော့ ပြည်တွင်း ဖူလုံဖို့ကို အဓိကထားပြီးမှ ပြည်ပပို့ဖို့အတွက် ထွက်ရှိမှုနဲ့ချိန်ထိုးပြီး တော့ ပို့ကုန်အတွက် စဉ်းစားသွားမှာ ဖြစ်ပါတယ်” ဟု ဦးစိန်ဝင်းလှိုင် က ပြောသည်။
မြန်မာနိုင်ငံ တနိုင်ငံလုံး၏ ဆန်စားသုံးမှုနှုန်းမှာ တနှစ်လျှင် တန်ချိန် ၁၅ သန်းခန့်ရှိသည်။ ၂ဝ၁ဝ ခုနှစ်အတွင်း ပြည်ပ ဆန်တင်ပို့ နိုင်မှုမှာ တန်ချိန် ၈ သိန်းခန့် တင်ပို့နိုင်ခဲ့သော်လည်း ၂ဝ၁၁ ခုနှစ် ဧပြီမှ စက်တင်ဘာထိ တန်ချိန် ၃ သိန်းခွဲသာ တင်ပို့နိုင်သေးသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ဆန်အထွက်နှုန်း ကျဆင်းမှု မရှိစေရန်အတွက် ပွင့်လင်းရာသီတွင် စနစ်တကျ စိုက်ပျိုးမှုများ ပြုလုပ်သွားနိုင်ရန် ဌာနဆိုင်ရာများမှတဆင့် တောင်သူလယ်သမားများကို တိုက်တွန်းသွားမည် ဖြစ်သလို ပျက်စီး ဆုံးရှုံးမှုများ မဖြစ်စေရန်အတွက်ကိုလည်း လက်တွေ့ ပညာပေးမှုများ၊ စက်ပစ္စည်း ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဟုသိရသည်။
“အရင်တုန်းကတော့ ဆန်စပါးပေါ်တဲ့ အချိန်မှာ သမရိုးကျ လှန်းတာတို့၊ လမ်းပေါ်မှာလှန်းတာတို့ လုပ်ခဲ့တော့ အခုတော့ အထူးတလည် လုပ်ဖို့ပေါ့လေ။ အခြောက်ခံ စက်တွေနဲ့ စနစ်တကျလုပ်ဖို့ ပညာပေး၊အလေးပေးပြီး တော့ ကျနော်တို့ကနေ ဒါတွေထောက်ပံ့နိုင်အောင် ဦးစားပေးပြီးတော့ လုပ်နေတယ်။ အရင်တုန်းကတော့ ရိတ်သိမ်းချိန်မှာ နည်းပညာ၊ ဘာညာပေါ့ဗျာ။ သာမန်လောက်ပါပဲ။ အခုတော့ ပစ္စည်းတွေပါ တကယ်လက်တွေ့ ထောက်ပံ့ပြီး လုပ်သွားမှာပါ” ဟု သူက ဆက်ပြောသည်။
မြန်မာနိုင်ငံ တနိုင်ငံလုံး၏ စပါးစိုက်ပျိုးမှုနှုန်းမှာ ဧက ၂ဝ.၄၃ သန်းရှိပြီး မိုးစပါး စိုက်ပျိုးမှု ဧကမှာ ၁၇.၂၇ ဖြစ်ကာ နွေစပါး စိုက်ပျိုးမှုနှုန်းမှာ ၃.၁၆ သန်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများ အသင်း၏ မှတ်တမ်းများ အရ သိရသည်။