အိန္ဒိယ လက်နက်ကိုင် နှစ်ဖွဲ့ ပဋိပက္ခ နယ်စပ် ကုန်သွယ်ရေးရပ်

အိန္ဒိယ လက်နက်ကိုင် နှစ်ဖွဲ့ ပဋိပက္ခ နယ်စပ် ကုန်သွယ်ရေးရပ်
by -
ဇွဲခန့်

နယူးဒေလီ(မဇ္စျိမ) ။       ။ မြန်မာနှင့် အိန္ဒိယ နှစ် နိုင်ငံကြား အကြီးမားဆုံး နယ်စပ် ကုန်သွယ်ရေး ဒေသ ဖြစ်သည့် တမူး- မိုးရေး ဒေသတဝိုက်တွင် မဏိပူရ်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် အိန္ဒိယ ဗဟိုအစိုးရကို တိုက်နေသည့် လက်နက်ကိုင်အဖွဲ့နှင့် နာဂခွဲထွက်ရေး လက်နက်ကိုင် အဖွဲ့များကြား ပဋိပက္ခဖြစ်နေကာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေး များ ရပ်ဆိုင်းလျက်ရှိသည်

သြဂုတ်လ ၁ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ မဏိပူရ်ပြည်နယ် အတွင်းရှိ ဆင်ဒါဟီးလ်(Sandar Hills) ဧရိယာကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ခရိုင်အဖြစ် ပေးရန် တောင်းဆိုသည်ကို မရရှိသည့်အတွက် ဒေသခံ လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည့် The Sadar Hills Districthood Demand Committee(SHDDC) မှ NH 37 အဝေးပြေး လမ်းမကြီး အပါအဝင် ဒေသတွင်းပြည် နယ်များနှင့် ဆက်စပ်နေသည့် ကားလမ်းများအား ဖြတ်တောက် ပိတ်ဆို့ ထားခြင်း ဖြစ်သည်။

အဆိုပါ ဒေသမှာ နာဂလူမျိုးများပိုင်ဆိုင်သည့် နယ်မြေအတွင်းတွင်ရှိသည့်အတွက် နာဂလူမျိုးများကလည်း မပေးနိုင်ဟု ဆိုကာ United Naga Council က မြန်မာပြည်သို့ ပေါက်သည့် NH 39 အဝေးပြေးလမ်းမကြီးကို သြဂုတ်လ ၂၁ ရက်နေ့က တန်ပြန်ပိတ်ထားလိုက်သည်။

“ကားလမ်းတွေပိတ်တော့ စျေးလုံးဝမရောင်းရဘူးရှင့်။ သူတို့က လမ်းပိတ်ထားတယ်ဆိုတော့ သူတို့နိုင်ငံထဲကို  သွင်းတဲ့ စားသောက်ကုန်ပဲဖြစ်ဖြစ်၊ အထည်လိပ်ပဲဖြစ်ဖြစ် လုံးဝမရောင်းရဘူး။ ဟိုဘက်နိုင်ငံကနေ လာဝယ်မှ ရောင်းရတာလေ” ဟု တမူး နန့်ဖာလုံစျေးမှ ကုန်သည်တဦးက မဇ္စျိမကို ပြောသည်။

NH 39 လမ်းမကြီးသည် အာရှလမ်းမကြီးနှင့် စစ်ကိုင်းတိုင်းအတွင်း တမူးမြို့တို့တွင် ပေါင်းဆုံသည်။ ၃,ဝဝ၃ ကီလိုမီတာရှည်လျှားသော အာရှလမ်းမကြီးမှာ အနောက်မြောက်ဘက် အိန္ဒိယနယ်စပ်တမူး မြို့မှတဆင့် တမူး-မန္တလေးမြို့-မူဆယ်၊ တမူး-မန္တလေး-ရန်ကုန်-မြဝတီ နှင့် တမူး-မန္တလေး-တာချီလိတ် စသည့် မြို့များကို ဖြတ်သန်းကာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကို ဆက်သွယ်ဖောက်လုပ်ထားသည်။

လမ်းများ ပိတ်ဆို့ရေးလုပ်တိုင်း မဏိပူပြည်နယ်တွင် ကုန်စည်ရှားပါး ပြတ်လပ်မှုများ ဖြစ်ပေါ်လာပြီး စျေးနှုန်းများ ထိုးတက်လာ တတ်ကာ မြန်မာပြည်ဖက်ရှိ နန့်ဖာလုံစျေးသည် အဝယ်မလိုက်ဘဲ အရောင်းအဝယ်အားလုံးနီးပါးမျှ ရပ်ဆိုင်းသွားရလေ့ ရှိသည်။

Most read this week