ရန်ကုန် (မဇ္ဈိမ) ။ ။ အများပြည်သူ၏စိုးရိမ် ပူပန်မှုများကြောင့် ဧရာဝတီမြစ်ဆုံတွင်တရုတ် နိုင်ငံနှင့် ပူးပေါင်း တည်ဆောက်မည့် မြစ်ဆုံစီမံကိန်း ကို သူ၏ အစိုးရလက်ထက် တွင်ရပ်နားထားမည် ဖြစ်ကြောင်း မြန်မာသမ္မတဦးသိန်း စိန်ကသောကြာ နေ့တွင်လွှတ်တော်နှစ် ရပ်သို့ ပေးပို့သည့်သဝဏ် လွှာတွင် ပါရှိသည်။
သမ္မတကြီး၏ သဝဏ်လွှာတွင် အချက် ၁ဝချက်ပါရှိပြီး မြစ်ဆုံစီမံကိန်းမှာ အရေးပါသည့် အချက်တစ်ချက် ဖြစ်သည်။
ယခုအချိန်တွင် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လုံလောက်မှုရှိစေရန် အထောက်အကူ ပြုနိုင်သည့် ရေအားလျှပ်စစ် စီမံကိန်း ၆၄ခုနှင့် ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားစက်ရုံ ၃ရုံအနက် မြစ်ဆုံစီမံကိန်း ၈ခုသည် ကြီးမားသည့် စီမံကိန်းတစ်ခု အဖြစ် ပါဝင်ကြောင်းဆိုသည်။
ထိုလျှပ်စစ်ဓာတ်အား ထုတ်လုပ်နို်င်သည့် စက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန်စက်တပ်ဆင် အင်အား မီဂါဝပ် ေလေးသောင််းကျော်ရှိကြောင်းလည်း ပါဝင်သည်။
တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ အရင်းအနှီးဖြင့် တည်ဆောက်နေသည့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ပထမအဆင့်ကို လက်ရှိ လုပ်ဆောင်နေရာတွင် အများပြည်သူ အတွင်းတွင် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း ဆိုပြီး မည်သည့် အချက်များကြောင့် စိုးရိမ်ပူပန် နေရသည်ကို အချက် ငါးချက်ထုတ်ကာ ပြောကြားသွားသည်။
ကချင်ပြည်နယ်၊ မြစ်ဆုံပိုင်းအတွက် သဘာဝက ပေးထားသည့် အထိမ်းအမှတ် မြစ်ဆုံသဘာဝ အလှများပျောက်ကွယ်နိုင်ခြင်း၊ မြစ်ညာပိုင်းတွင် ရှိသည့် တိုင်းရင်းသား ကျေးရွာများသည် အဆိုပါ စီမံကိန်းကြောင့်ရေမြှပ်ကာ ယင်းတို့၏ အသက်မွေးဝမ်းကျောင်းများ ဆုံးရှုံး ပျက်စီးသွားနိုင်ခြင်း၊ ပုဂ္ဂလိက အရင်းအနှီးဖြင့် စီးပွားဖြစ် စိုက်ပျိူးထားသည့် ကျွန်းခင်းနှင့် ရာဘာခင်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း၊ ရာသီဥတု ဖောက်ပြန်မှုကြောင့် မြောက်ဖျားပိုင်းရှိ ရေခဲတောင်များ ပြိုခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြင်း၊ အင်အား ပြင်းသည့် ငလျင်များ ဖြစ်ပေါ်လာပါက မြစ်ဆုံအောက်ပိုင်းရှိ မြို့ရွာများ သေကြေပျက်စီး ဆုံးရှုံးနိုင်ခြင်း တို့ဖြစ်ကြောင်းသမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည်။
ထို့အချက်များကြောင့် ပြည်သူက တင်မြှောက်ထားသည့် အစိုးရ ဖြစ်နေသဖြင့် ပြည်သူတို့၏ လိုလားချက်ကိုဖြေရှင်းပေးရန် တာဝန်ရှိသဖြင့်၊ ယင်းတို့ အစိုးရ သက်တမ်းတစ်လျှောက် အထက်ပါ စီမံကိန်းကိုရပ်ဆိုင်း ထား မည် ဖြစ်ကြောင်း သမ္မတကြီး ဦးသိန်းစိန်က ပြောကြားလိုက်သည်။
ယင်း၏ သဝဏ်လွှာအတွင်းတွင် စစ်အစိုးရ လက်ထက်က လျှပ်စစ်ဓာတ်အားနှင့် ပတ်သတ်ပြီး စက်တပ်ဆင် အင်အား ၅၂၉ မီဂါဝပ်သာ ရှိခဲ့ရာမှ ထပ်မံ ဆောင်ရွက်ခဲ့ရာတွင် တိုးချဲ့ စက်တပ်ဆင်အင်အား ၁၈၆၈ မီဂါဝပ် အထိ ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
သဝဏ်လွှာတွင် မြစ်ဆုံစီမံကိန်းအပြင် သန့်ရှင်းသော အစိုးရ၊ နိုင်ငံတော် တည်ငြိမ်ရေး အတွက်တိုင်းရင်း သား လက်နက်ကိုင်များနှင့် ညှိနှိုင်းဆောင်ရွက်နေခြင်း၊ အမျိူးသား စီးပွားရေး မြှင့်တင်ရေး၊ ပြည်ပရောက် မြန်မာများ ဖိတ်ခေါ်ခြင်း၊ စိုက်ပျိူးရေးနှင့် စက်မှု ကဏ္ဍ မြှင့်တင်ရေး၊စသည့် အချက်များကိုလည်းထည့် သွင်း ပြောဆိုသွားခဲ့သည်။