နယူးဒေလီ (မဇ္စျိမ) ။ ။ မကွေးတိုင်း ကျောက် ပန်းတောင်းမြို့နယ်အနီး ဂျပန်နိုင်ငံသူအမျိုးသမီး တဦးအား အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့သည် ဆိုသော သံသယဖြင့် ဆိုင်ကယ် တက္ကစီသမား တဦးကို ဖမ်းဆီးထားသည်ဟု ရဲက ပြောသည်။
“ဂျပန်အမျိုးသမီးက ညောင်ဦး သွားချင်လို့ ဆိုပြီးတော့ လိုက်ပို့ရင်းနဲ့ ဆိုင်ကယ် တက္ကစီသမား ကနေပြီးတော့ သန့်စင်ခန်းထဲမှာ မုဒိမ်းကျင့် တာပေါ့နော်။ ဖြစ်တဲ့နေရာက ညောင်ဦးနဲ့ ကျောက်ပန်းတောင်း အစပ်ပေါ့” ဟုကျောက်ပန်းတောင်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
ဗုဒ္ဒဟူးနေ့ နေ့လယ် ၃ နာရီခွဲခန့်က ဂျပန်နိုင်ငံသူမှာ ညောင်ဦးမြို့သို့ လှည့်လည် ကြည့်ရှုရန် အတွက် ဆိုင်ကယ် ငှားစီးလာစဉ် ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့ကြား အင်းမရွာအနီး၌ အခင်းဖြစ်ပွားခဲ့ သည်ဟုဆိုသည်။
အင်းမရွွာသားများမှ ယင်းသံသယရှိသူ ဆိုင်ကယ်တက္ကစီ မောင်းသမား ကိုမင်းသိုက်ကို ဝိုင်းဝန်းဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။
“ရွာသားတွေက ဖမ်းပြီးတော့ ကြိုးနဲ့ တုတ်ထားတာ။ ကြိုးနဲ့တုတ်ပြီးမှပဲ ရဲစခန်းကို လှမ်းအကြောင်းကြား တာ။ ရဲစခန်းက လာပြီးတော့ နယ်ထိန်းတယောက်နဲ့ သူနဲ့ကို လက်ထိပ် တွဲချည်ပြီးတော့ ရဲစခန်းကို ပို့တာ။ ရဲတွေ အဲဒီ အခင်းဖြစ်တဲ့ နေရာကို ရောက်တဲ့အချိန်မှာ အဲဒီအမျိုးသမီးက သေနေပြီ။ ဓါးနဲ့ ထိုးသတ်တာ” ဟု အင်းမရွာမှ ထမင်းဆိုင်ပိုင်ရှင် တဦးက မဇ္စျိမကို ပြောသည်။
ကိုမင်းသိုက်ကို ကျောက်ပန်းတောင်းမြို့နယ် ရဲစခန်းတွင် ပုဒ်မ ၃ဝ၂၊ လူသတ်မှုဖြင့် အမှုဖွင့်ထားပြီးသေဆုံး သူ၏နောက်ကြောင်းနှင့် ပတ်သက်၍ ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။
သေဆုံးသွားသူ ဂျပန်အမျိုးသမီးနှင့် ပတ်သက်၍ မည်သူမည်ဝါ ဖြစ်ကြောင်းကို ရဲစခန်းမှ အတည်မပြု နိုင်သေးသော်လည်း AFP သတင်းတရပ်တွင်မူ မစ္စစ် Chiharu Shiramatsu ဖြစ်သည်ဟု ဖော်ပြထားပြီး အသက် ၃၁ နှစ်အရွယ် ရှိသည်။