ပစ်ခတ်မှုကြား ရွာသားနှစ်ဦး သေဆုံး

ပစ်ခတ်မှုကြား ရွာသားနှစ်ဦး သေဆုံး
by -
ကွန်းချမ်း

ချင်းမိုင် (မဇ္ဈိမ) ။       ။ ရွာတွင်းဝင်လာသည့် လက်နက်ကိုင် အဖွဲ့တဖွဲ့ကို အစိုးရစစ်တပ်မှပစ်ခတ် ရာမှ ရွာသားနှစ်ဦးသေနတ်မှန် သေဆုံးသည့် ဖြစ်ရပ်တခု တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန် အောင်မြို့နယ်ခွဲ လော့သိုင်းရွာတွင် တနင်္လာနေ့က ဖြစ်ပွားခဲ့သည်။

ပြောက်ကြား ဝတ်စုံဝတ် လက်နက်ကိုင် ၁ဝ ယောက်ခန့်ကို ကလိန်အောင်မြို့နယ်ခွဲ အခြေစိုက် ခမရ (၂၈၂) က လိုက်လံပစ်ခတ်ရာမှ အသက် ၅ဝ ကျော် အရပ်သား အမျိုးသားနှစ်ဦးကို သေနတ်ထိမှန် သေဆုံးသွားခြင်းဖြစ်သည်။

“စပစ်တဲ့အချိန်မှာ ကျနော်တို့ ဗီဒီယိုရုံမှာ ရှိနေတယ်။ သေနတ်သံလည်း ကြားရော တရုံလုံးထပြေးကြ တယ်။ ဘာဖြစ်တာလဲတောင် ကျနော်တို့ မသိလိုက်ဘူး။ အဲဒီမှာပဲ ရုံနားကလက်ဘက်ရည် ဆိုင်မှာ ထိုင်နေတဲ့ နိုင်ဝမ်းကသေနတ်ထိပြီး ပွဲချင်းပြီး ဆုံးသွားတာပဲ” ဟု ရွာသားတဦးက ပြောသည်။

မည်သည့်အဖွဲ့ဟု ရှင်းရှင်းလင်းလင်း မသိရသော်လည်း ရွာသားများအဆိုအရ  ပြောက်ကြားဝတ်စုံဝတ် ၁ဝ ယောက် ခန့်သည် ဆက်ကြေးကောက်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အစိုးရတပ်နှင့် ထိပ်တိုက်တိုးကာ ပစ်ခတ်မှု ဖြစ်ခြင်းဟု ဆိုကြသည်။

သေဆုံးသူ နှစ် ဦး၏ ရုပ်အလောင်းကို တနင်္လာနေ့တွင် လော့သိုင်းရွာ သုဿာန်သို့ ပို့ဆောင်ကာမြေမြှုပ် သဂြုႋဟ် ခဲ့ကြသည်။ အဆိုပါ အခင်းဖြစ်ပွားပြီးနောက် ဗုဒ္ဓဟူးနေ့ထိ အထက်ပါတပ်ရင်းမှ ရွာသားများကို ရွာပြင်ထွက်ခွင့် ပိတ်ထားသည်။

မွန်ပြည်သစ်ပါတီ နိုင်ငံခြား ဆက်ဆံရေးဌာနမှ ဒုဗိုလ်မှူးကြီး ဉာဏ်ထွန်းက ထိုဒေသတွင် မွန်လက်နက်ကိုင် အဖွဲ့ငယ် သုံးဖွဲ့ လှုပ်ရှားလျက်ရှိကာ  မွန်တော်လှန်ရေးကို အကြောင်းပြကာ ပြည်သူများထံမှ ငွေကြေး ကောက်ခံခြင်း၊ ပြန်ပေး ဆွဲခြင်းများနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုလေ့ရှိသည်ဟု မဇ္ဈိမကိုပြောသည်။