မြန်မာ့ ဒီမိုကရေစီအရေး အတွက် ဒလိုင်းလားမား စကားလက်ဆောင်ပါး

မြန်မာ့ ဒီမိုကရေစီအရေး အတွက် ဒလိုင်းလားမား စကားလက်ဆောင်ပါး
by -
ကိုပေါက်

နယူးဒေလီ (မဇ္ဈိမ) ။      ။ တိဘက်နှင့် မြန်မာ ပြည်သူများ၏ အကြမ်းမဲ့ နှလုံးရည် တိုက်ပွဲလမ်း ခက်ခဲမည် ဖြစ် သော်လည်း ယုံကြည် ချက် ခိုင်မာစွာ ဆက်လက် လျှောက်လှမ်းသွားကြဖို့ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားက တိုက်တွန်း လိုက်သည်။

dalai_lama
အဝေးရောက် တိဘက်အစိုးရ ရုံးစိုက်ရာ အိန္ဒိယနိုင်ငံရှိ ဒရမ်ဆာလာမြို့သို့ သုံးရက်ကြာ လေ့လာရေးခရီး ရောက်ရှိ နေသော မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများအား သောကြာနေ့က ၁၀ မိနစ်ကြာ လက်ခံ တွေ့ဆုံစဉ် ယခုကဲ့သို့ စကားလက်ဆောင် ပါးလိုက်ခြင်း ဖြစ်ကြောင်း Regional Tibetan Youth Congress ဥက္ကဋ္ဌ Tenzin Tsundue က မဇ္စျိမကို ပြောသည်။

“တိဘက်နဲ့ မြန်မာပြည်သူတွေမှာ ရှေ့လျှောက် အလွန်ခက်ခဲတဲ့ တိုက်ပွဲတွေ ဆင်နွှဲကြရဦးမှာ ဖြစ်သော်လည်း ဘယ်တော့မှ အရှုံးမပေးကြဖို့၊ အထူးသဖြင့် အကြမ်းမဲ့ လှုပ်ရှားမှု အပေါ်မှာ ယုံယုံကြည်ကြည် ဆက်လျှောက် သွားကြဖို့ တိုက်တွန်းပြီး ပိုမိုကောင်းမွန်တဲ့ အချိန်အခါတွေ ရောက်လာဦးမှာဖြစ်တယ်လို့ ဘုန်းတော်ကြီးက မိန့်ပါတယ်” ဟု Mr Tsundue က ပြန်ပြောပြသည်။

ထို့ပြင် ဒလိုင်းလားမား အနေနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တစုံတရာ ဆက်သွယ်မှု ရှိကြောင်းလည်း ထုတ်ဖော် ပြောဆိုခဲ့သည်။

တိဘက် လူငယ်၊ အမျိုးသမီး အဖွဲ့အစည်းများနှင့် တိဘက် NGO အဖွဲ့များ၏ အစီအစဉ်ဖြင့် ဖိတ်ကြားခံရသည့် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ ၃၄ ယောက်အား ကြာသပတေးနေ့ မနက်က တိဘက် ပါလီမန်သို့ တက် ရောက် လေ့လာခွင့်ရခဲ့ကာ တိဘက် ဝန်ကြီးချုပ် Dr Lobsang Sangay က ကြိုဆို နှုတ်ခွန်းဆက်ခဲ့ကြောင်း  Burma Center Delhi မှ ကိုကင်မ် က မဇ္စျိမကို ပြောသည်။

“ကျနော်တို့ကို ကြိုဆို နှုတ်ခွန်းဆက် မိန့်ခွန်းကို တိဘက်ဘာသာလိုပဲ ပြောတယ်။ အားပေးစကား ပြောသွားတယ်။ မိနစ် ၂၀ လောက် ပါလီမန်မှာ ထိုင်ပြီး လေ့လာခွင့် ရခဲ့တယ်” ဟု သူက ပြောသည်။

လေ့လာရေး ခရီးစဉ်အတွင်း တိဘက် NGO အဖွဲ့အစည်းများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ လည်းလေ့လာခွင့် ရမည်ဖြစ်ပြီး သောကြာနေ့ ညနေတွင် မဇ္စျိမနှင့် Al Jazeera တို့ ပူးတွဲ ထုတ်လုပ်သည့် The Longest Ongoing War မှတ်တမ်း ဗီဒီယိုကို တိဘက် ပရိသတ်များအား ပြသမည် ဖြစ်သည်။

၁၉၄၉ တွင် တိဘက်ကုန်းပြင်မြင့်ကို တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA က သိမ်းပိုက်လိုက်ပြီး တရုတ်ပြည်မကြီးထဲမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုအဖြစ် သတ်မှတ်သည့် အပေါ် တိဘက်များ ပုန်ကန်ထကြွကာ အိန္ဒိယထဲသို့ ၁၉၅၉ မှစ၍ ခိုလှုံလာခဲ့သည်။

ပြည်ပရောက် တိဘက်လူမျိုးဦးရေ တသိန်းခွဲခန့်ရှိရာ အိန္ဒိယနိုင်ငံ၌ တသိန်းခန့် နေထိုင်လျက် ရှိသည်။ ကမ္ဘာတဝှမ်းရှိ တိဘက် ၆၀ ရာခိုင်နှုန်းမှ ဝန်ကြီးချုပ်ကို တိုက်ရိုက် ရွေးချယ် တင်မြှောက်သည်။