ချင်းမိုင် (မဇ္ဈိမ)။ ။ ချင်းပြည်နယ်တောင်ပေါ် ဒေသများသို့ ဗဟိုအစိုးရမှ စေလွှတ်သည့် ကျန်းမာ ရေး ဝန်ထမ်းများ သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ လစာနှင့် စရိတ်လုံလောက်မှုမရှိခြင်း၊ စားဝတ်နေရေး အကျပ်အတည်းများ ကြောင့် တာဝန်ကာလပြည့်အောင် တာဝန် ထမ်းဆောင်ခြင်း မရှိသည်ကို ကြာသပတေးနေ့ လွှတ်တော်တွင် ဆွေးနွေးသွားသည်ဟု အမတ်များကပြောသည်။
မတ်လ လွှတ်တော်ဆွေးနွေးပွဲတွင် ချင်းတိုးတက်ရေးပါတီ ချင်းပြည်နယ် မဲဆန္ဒနယ်မှ ဦးပေါ်လျှံလွင် တင်သွင်းခဲ့သည့် ‘ချင်းပြည်နယ်တွင် ဆရာဝန်လိုသော ဒေသများသို့ ဆရာဝန်များ စေလွှတ်ပေးပါရန်’ အဆိုကို အစိုးရမှ ကတိပေးထားသည့် အတိုင်း ဆရာဝန် ၂၂ ယောက် စေလွှတ်ခဲ့ကြောင်း အထက်လွှတ်တော်၏ အစိုးရ ကတိကဝတ်များ စိစစ်ရေးကော်မတီမှ ကြာသပတေးနေ့တွင် အစီရင်ခံစာ တင်သွင်းခဲ့သည်။
သို့သော် ယခုအချိန်တွင် ထိုဆရာဝန်တို့ တာဝန်ကျဒေသများတွင် ၁ဝ ယောက်သာ ရှိတော့ခြင်းကြောင့် ယင်းတို့အတွက် အိမ်ယာ အခက်အခဲများနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို ဖြေရှင်းပေးရန် ဦးပေါ်လျှံလွင်မှ အစီရင်ခံစာပါ အကြောင်းအရာနှင့် ပတ်သက်၍ ထည့်သွင်း ဆွေးနွေးသွားသည်ဟု အမျိုးသား ဒီမိုကရေစီပါတီသစ်မှ အမတ် ဦးဖုန်းမြင့်အောင်က ပြောသည်။
ယင်းအပြင် အောက်လွှတ်တော်၏ ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲတွင်လည်း ကချင်ပြည်နယ် ချီဖွေမဲဆန္ဒနယ် ကြံ့ခိုင်ရေး ပါတီမှ ဦးဇုံးတိန့်က 'ဝေးလံခေါင်သီသည့် ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို အစိုးရမှ ရှားပါးစရိတ် ထုတ်ပေးရေး' အဆိုကို တင်သွင်းခဲ့သေးသည်။
အဆိုကို တိုင်းရင်းသား ဒေသများဖြစ်သည့် နန်းယွန်း၊ မင်းတပ်၊ မဲ့စဲ၊ ခေါင်လန်ဖူး၊ ထီးလင်း၊ ဖာပွန်၊ တန့်ယန်း မဲဆန္ဒနယ်များမှ အမတ်များက ထိုဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ စားဝတ်နေရေး အခက်အခဲများကို ဖြေရှင်းပေးသည့်အနေဖြင့် ရှားပါးစရိတ် ထုတ်ပေးသင့်ကြောင်း ထောက်ခံဆွေးနွေးခဲ့ကြသည်။
သို့သော် ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ်နှင့်တိုင်း အစိုးရများနှင့် ညှိနှိုင်း ဆောင်ရွက်ရန်သာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြောဆိုခဲ့သည်။
သြဂုတ်လ ၃၁ ရက်နေ့ကလည်း 'ရန်ကုန်တိုင်း မဲဆန္ဒနယ် ၁ဝ မှ ကြံ့ဖွံ့အမတ် ဦးနုမှ အခြေခံ ပညာရေးအဆင့် တွင် အမျိုးသားဆရာများ ရှားပါးလာခြင်းကို ဖြေရှင်းပေးရန်' ပညာရေးဝန်ကြီးဒေါက်တာမြအေးကိုမေးမြန်းခဲ့ သေးသည်။
ဦးမြအေးက ပညာရေးဝန်ကြီးဌာနတွင် သင်ကြားရေးနှင့် စီမံခန့်ခွဲရေးအတွက် အမျိုးသားဝန်ထမ်းပါဝင်မှု ၂၃ ရာခိုင်နှုန်း ရှိပြီး အခြေခံပညာရေးတွင် အမျိုးသား ကျောင်းဆရာ ၁၇ ရာခိုင်နှုန်းရှိကြောင်းပြန်လည်ဖြေကြား ခဲ့သည်။
ဝန်ကြီးက အမျိုးသားဝန်ထမ်းများ တာဝန်ထမ်းဆောင်လိုစိတ်ရှိရန် ရာထူးတိုးပေးခြင်း၊ အချိန်ပိုခံစားခွင့်ပြု ခြင်းတို့တွင် ကုန်ကျမည့်ဘဏ္ဍာရေးစရိတ်အတွက် ဗဟိုအစိုးရ၏ ခွင့်ပြုချက်ရရန်လိုကြောင်းပြန်လည်ဖြေကြား ခဲ့သည်။
ယင်းအပြင် မကွေးတိုင်း မဲဆန္ဒနယ်အမှတ် ၁၂ မှ ဦးလှဆွေကလည်း တိုင်းအတွင်းရှိ ဂန့်ဂေါလမ်းမကို ပြုပြင်ပေးရန်မတ်လ လွှတ်တော်ဆွေးနွေးပွဲတွင် တင်ပြခဲ့ပြီး ယင်းလမ်းမှာ ပြုပြင်ပြီးဖြစ်ကြောင်း ကြာသပတေးနေ့ တွင် အစိုးရ၏ ကတိကဝတ်များ စိစစ်ရေး ကော်မတီမှ အစီရင်ခံစာ တင်သွင်းခဲ့သော်လည်း ယခုအခါ ထိုလမ်းမှာ ရေတိုက်စားမှုကြောင့် ပြန်လည်ပျက်စီးနေပြီး အစိုးရ၏ ကတိကဝတ်များ လက်တွေ့တွင် အကောင်အထည် မပေါ်သေးကြောင်းဝေဖန်သွားသည်ဟု လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က မဇ္ဈိမကို ပြောခဲ့သည်။