ရပ်ကျေးဥက္ကဋ္ဌများကို အထက်မှရွေးချယ်သော စနစ် ဆက်လက်ကျင့်သုံးမည်

ရပ်ကျေးဥက္ကဋ္ဌများကို အထက်မှရွေးချယ်သော စနစ် ဆက်လက်ကျင့်သုံးမည်
by -
သဲသဲ

နယူးဒေလီ(မဇ္စျိမ) ။       ။ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို အများဆန္ဒဖြင့် ရွေးချယ်မည် မဟုတ်ဘဲ မြို့နယ် အုပ်ချုပ်ရေးမှူးမှ အမည်စာရင်း ပေးသွင်းသည့်သူများကို၊ ဆယ်အိမ်မှူးများမှ မဲပေး၍ ရွေးချယ် ခန့်အပ်ရန်အောက်လွှတ်တော် တွင်မဲခွဲ ဆုံးဖြတ် အတည်ပြုလိုက်ကြောင်းလွှတ်တော် အမတ်များက ပြောသည်။

အများဆန္ဒဖြင့် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်မည်မဟုတ် မြို့နယ် အုပ်ချုပ်ရေးမှူးမှ အမည်စာရင်း ပေးသွင်းသည့်သူများကို ဆယ်အိမ်မှူးများမှ မဲပေး၍ ခန့်အပ်ရန် အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ် (ဓါတ်ပုံ မဇ္စျိမ)
အောက်လွှတ်တော် ဥပဒေကြမ်း ကော်မတီထံ ပြည်ထဲရေး ဝန်ကြီးဌာနက သြဂုတ်လ ၂၉ ရက်နေ့တွင် တင်သွင်းခဲ့သည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး ဥပဒေကြမ်းကိုပင် အစိုးရ၏ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်အများစုဖြစ်သော လွှတ်တော်က စက်တင်ဘာ ၁၆ ရက်နေ့တွင် မဲအပြတ်အသတ်ဖြင့်အတည်ပြု လိုက်ခြင်း ဖြစ်သည်။

လွှတ်တော်တွင်း လူနည်းစု အတိုက်အခံများက ရပ်ကွက် ကျေးရွာဥက္ကဋ္ဌများကို ဒေသခံ လူထုမှ လျှို့ဝှက်မဲဖြင့်ရွေးချယ်သည့် စနစ်သို့ ပြင်ဆင်ပေးရန် အဆိုတင်သွင်းခဲ့သော်လည်း ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကိုကိုက သဘောမတူသဖြင့် မဲခွဲဆုံးဖြတ်ရာ အရေးနိမ့်သွားခြင်းလည်း ဖြစ်သည်။

လွှတ်တော် အစည်းအဝေး တက်ရောက်သည့် အမတ်  ၃၈၅ ဦးအနက်  ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်များနှင့် စစ်ဘက်အမတ် အများစုပါဝင်သော ၃၄၄ ဦးက  ဥပဒေ ပြင်ဆင်မှု မလုပ်ရန် ကန့်ကွက်ခဲ့သည်။

အများဆန္ဒ မဟုတ်ဘဲ အာဏာရှိသူက ချမှတ်ပေးသော ရွေးချယ်မှု စနစ်က နိုင်ငံရေးပုံစံကို ဖော်ပြနေ သည်ဟု အတိုက်အခံ ပါတီငယ် တခုဖြစ်သော အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ အမတ် ဦးသိန်းညွန့်က ပြောရင်း “ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီပုံရိပ်ကို အားကောင်းစေသလား အားနည်းစေသလား ဆိုတာကို 'ရွေးချယ်သလား'၊  'ခန့်အပ်သလား' ဆိုတဲ့ အချက်တွေနဲ့ ဆုံးဖြတ်ပါလိမ့်မယ်လို့” ဟု ဆိုသည်။

သို့သော် အစိုးရအဖွဲ့အတွင်း၌ပင် ရပ်ကွက်ကျေးရွာဥက္ကဋ္ဌများ ခန့်အပ်မှုကို လူအများဆန္ဒဖြင့် ရွေးချယ်လိုသူများလည်း ရှိသည်။

ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဉာဏ်ထွန်းဦးက ရပ်ကျေး ဥက္ကဋ္ဌများ ခန့်အပ်ရာတွင်နိုင်ငံရေးပါတီဝင် မဟုတ်သူများကို ခန့်အပ်ရန်၊ ခန့်ထားရာတွင်လည်း သက်ဆိုင်ရာ ရပ်/ ကျေးရှိ ရပ်မိရပ်ဖများ၊ ရပ်/ကျေးအတွင်း သြဇာရှိ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆောင်ရွက် စိစစ်ရွေးချယ်ရန် လိုသည်ဟု မေလအတွင်းက သတင်းထောက်များကို ပြောကြားခဲ့ဖူးသည်။

“အဲဒီအဆင့်မှာ ပိုင်တဲ့ အဖွဲ့အစည်းက လာမယ့် ရွေးကောက်ပွဲတွေမှာလဲ မဲစာရင်း ပြုစုတာ၊ရွေးကောက်ပွဲ ကို ဝင်ရောက်ပြီး လွှမ်းမိုးတာကအစ အဲဒီက အခြေခံ အကျဆုံး ဖြစ်နေတယ်” ဟု အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ အမတ် ဦးကြည်မြင့်က ရပ်ကွက် ကျေးရွာ ဥက္ကဋ္ဌများ၏ အရေးပါမှုကို ပြောသည်။