ချင်းမိုင် (မဇ္ဈိမ) ။ ။ အထက်လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီမှ တင်ပြခဲ့သည့် ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွက် ကျပ်ငွေ ဘီလီယံပေါင်း ၂,၃ဝဝ ကျော်လိုနေသည့် "ရသုံးမှန်းခြေ ငွေစာရင်း" အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးမည့်သူ မရှိဘဲဖြစ်နေသည်ဟု လွှတ််တော်အမတ်များက ပြောကြသည်။
လွှတ်တော် ငွေစာရင်း ကော်မတီမှ တနင်္လာနေ့တွင် လွှတ်တော်သို့ တင်ပြသည့် အစီရင်ခံစာတွင် ဗဟိုအစိုးရနှင့် တိုင်းနှင့် ပြည်နယ် အစိုးရများ၏ ၂ဝ၁၁- ၂ဝ၁၂ အတွက် ဘဏ္ဍာရေးလိုငွေ စုစုပေါင်းမှာ ကျပ်ငွေ ဘီလီယံ၂၃၇၁.၉၄၅ ရှိသည်ဟု သိရသည်။
ယင်းအစီရင်ခံစာနှင့် ပတ်သက်၍ အင်္ဂါနေ့တွင် အထက်လွှတ်တော်၌ ဆွေးနွေးရန် အမတ်များအနေဖြင့် စာရင်းပေးသွင်းနိုင်ကြောင်း လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြငြိမ်းမှ ပြောဆိုခဲ့သော်လည်း စာရင်းပေးဆွေးနွေး မည့်သူ မရှိဘဲဖြစ်နေကာ အစီရင်ခံစာကို အထက်လွှတ်တော်မှ မှတ်တမ်းတင်ရုံသာ ရှိခဲ့သည်။
လွှတ်တော်အမတ်များက ယင်းအစီရင်ခံစာနှင့် ပတ်သက်၍ မဆွေးနွေးကြခြင်းမှာ ငွေစာရင်း ကော်မတီတွင် ငွေကို လက်တွေ့ သုံးနေသူ အစိုးရအဖွဲ့ဝင်များ မပါဝင်ခြင်းကြောင့်ဟု အကြောင်းပြသည်။
"ကျနော်တို့ ဒီနေ့ မဆွေးနွေးဖြစ်တာက ကော်မတီမှာ ဝန်ကြီးဌာနက လူတွေပါရင်တော့လည်း ကျနော်တို့က အင်တိုက်အားတိုက်နဲ့ ဆွေးနွေးလို့ ဖြစ်တယ်။ အခုဟာက ကိုယ့်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့ထားတဲ့ကော်မတီ ဆိုတော့ ကျနော်တို့က မေးခွန်းတွေ မေးမယ်ဆိုရင်လည်း သူတို့ကိုပဲ မေးရမှာပေါ့။ လွှတ်တော် ကိုယ်စားလှယ် ချင်း ဖြစ်တာလည်းပါတယ်။ သူလုပ်နေတဲ့ ကိစ္စကို ကိုယ်က မပါချင်ဘူးပေါ့။ သူ့စည်း ကိုယ့်စည်းစောင့်နေတာလည်း ပါတယ်" ဟု အမျိုးသား ဒီမိုကရေစီ ပါတီမှ ဦးဖုန်းမြင့်အေင်က မဇ္ဈိမကို ပြောသည်။
"ဘယ်လိုလုပ်ကြမလဲတော့ မသိဘူး၊ အဲဒါကို ဆွေးနွေးတဲ့လူလည်း မရှိဘူး၊ ကျနော်တို့ကလည်း မဆွေးနွေးနိုင်ဘူး၊" အစီရင်ခံစာတွင် ဗဟိုအစိုးရ၏ ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေး လိုငွေမှာ ၂၂ဝ၁.၄၅ဝ ဘီလီယံကျပ် ဖြစ်ပြီး၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရများ၏ ဘဏ္ဍာရေးလိုငွေမှာ ၁၇ဝ.၄၉၅ ဘီလီယံကျပ် ဖြစ်သည်။ သို့သော် မည်သည့် ကဏ္ဍအတွက် မည်မျှလိုသည်၊ မည်သည့် ကဏ္ဍအတွက် မည်လောက် အသုံးစရိတ် ရှိသည်တို့ကို ဖေါ်ပြမထားဟု အမတ်များက ပြောသည်။
"ကော်မတီက လူတွေကလည်း သူတို့ ကော်မတီနဲ့ ပတ်သက်တာတွေကို အပြင်ကို သိပ်မပြောကြဘူး၊ ကော်မတီနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို အပြင်ကို မပြောကြဘူး၊ အခုလည်း ကျနော်တို့ လွှတ်တော်ကို ပြောတာကလည်း အကျဉ်းချုပ်လောက်ပဲ ပြောတာပါ" ဟု အခြားအမတ်တဦးက မဇ္ဈိမကို ပြောသည်။
ပြည့်သူ့ငွေစာရင်း ကော်မတီကို အထက်လွှတ်တော်နှင့် အောက်လွှတ်တော်မှ လွှတ်တော်အမတ် ၁၅ ဦးစီဖြင့်မတ်လ ၃ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကော်မတီဝင်များက သက်ဆိုင်ရာ အစိုးရ ဝန်ကြီးဌာနများသို့ သွားရောက် စာရင်းစစ်ရာတွင် ခရီးစရိတ်မှအစ အခက်အခဲရှိနေကြောင်းလည်း အမတ်များထံမှ သိရသည်။