ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး လိုငွေပြမှုသည် ငါးနှစ်ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပြီး ၂ဝ၁၁- ၂ဝ၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်းဘတ် ဂျက် လိုငွေ ကျပ် ဘီလီယံပေါင်း ၂,၃ဝဝ ကျော်ရှိ သည်ဟု အထက်လွှတ်တော်၏ ငွေစာရင်းကော်မတီ မှ တနင်္လာနေ့တွင် ရှင်းလင်းပြောကြား သွားသည်ဟု အမတ်များအပြောအရ သိရသည်။
၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွင်း ရသုံးမှန်းခြေ ငွေစာရင်းကို အထက်လွှတ်တော် ငွေစာရင်း ကော်မတီ အတွင်းရေးမှူး ဦးစံပြည့်မှ လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ရာ ဗဟိုအစိုးရ၏ လိုငွေပြမှုနှင့် တိုင်းနှင့် ပြည်နယ် အစိုးရများ၏ ဘဏ္ဍာရေး လိုငွေပြမှု စုစုပေါင်း ဖြစ်သည်။
၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွက် ဗဟိုအစိုးရ၏ ဘဏ္ဍာရေးလိုငွေမှာ ၂၂၀၁.၄၅၀ ဘီလီယံကျပ်ဖြစ်ပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ဘဏ္ဍာရေးလိုငွေမှာ ၁၇၀.၄၉၅ ဘီလီယံကျပ်ဖြစ်သည် ဟု အောက်လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီအတွင်းရေးမှူး ဦးမောင်တိုးကလည်း မဇ္ဈိမကိုပြောသည်။
ထို့အပြင် ဘဏ္ဍာရေး လိုငွေပြမှုသည် ငါးနှစ်ဆက်တိုက် ဖြစ်ပေါ်နေသည်ဟု အထက်လွှတ်တော် ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးစံပြည့်၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်ဟု အမတ်များကပြောသည်။
အစီရင်ခံစာနှင့် ပတ်သက်၍ အင်္ဂါနေ့ အထက်လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေးကြမည် ဖြစ်သည်။
ယင်းအပြင် နိုင်ငံပိုင် စက်မှုလုပ်ငန်းများတွင်လည်း အရှုံးပေါ်နေကာ အစိုးရပိုင် ဇေယျဝတီ သကြားစက်နှင့် ဘီးလင်း သကြားစက်တို့မှ နှစ်စဉ် ကျပ်သန်းပေါင်း ၅၀၀ ကျော် အရှုံးပေါ်နေကြောင်း အမှတ် (၂) စက်မှု ဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသိန်းမှ တနင်္လာနေ့ အထက်လွှတ်တော်တွင် ပြောသွားသည်ဟု သိရသည်။ သို့သော် ဝန်ကြီးက မည်သည့်နှစ်မှစ၍ အရှုံးပေါ်နေသည်ကို ထည့်သွင်း ပြောသွားခြင်း မရှိပါ။
မြန်မာပြည်၏ ဘဏ္ဍာရေးနှစ်သည် နှစ်စဉ် ဧပြီ ၁ ရက်နေ့တွင် စတင်ပြီး မတ်လ ၃၁ ရက်နေ့တွင် အဆုံးသတ်သည်။
အမျိုးသား ဒီမိုကရေစီပါတီသစ်မှ လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က “ အရင်တုန်းကတော့ ဘတ်ဂျက်လိုငွေ ကိစ္စက ဘာမှတင်ပြတာ မရှိတော့ အသံမထွက်ဘူး။ အခု နောက်ပိုင်း ကော်မတီက နိုင်ငံမှာ ဘတ်ဂျက် လိုငွေတွေပြနေတာ။ အခုက သူပြောတာတွေက လက်တွေ့ အမှန်တရားတွေ ဆိုတော့ ကျနော်တို့ ကျန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လုံးလုံးက အလိမ်ခံနေရာတွေပေါ့ဗျာ၊ ဒါကတော့ ပေါ်လွင်သွားပြီ။ သူတို့က အရှုံးတွေ ဘတ်ဂျက်တွေ အကုန်လုံး တန်းစီထိုးပြနေပြီ။" ဟု မဇ္ဈိမကို ပြောသည်။
မြန်မာအစိုးရသည် အခွန်ကောက်ခံရေး အားနည်းချက်၊ အစိုးရပိုင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရ ဝန်ထမ်းများ၏ ထိရောက်မှု မရှိခြင်းကြောင့် ဆုံးရှုံးရမှုများ၊ အစိုးရ၏ အထိန်းအချုပ်မဲ့ သုံးစွဲမှု၊ ကာကွယ် ရေးနှင့် ဆောက်လုပ်ရေး ကဲ့သို့သော ဝင်ငွေမရနိုင်သည့် လုပ်ငန်းများကြောင့် ဘဏ္ဍာရေးလိုငွေပြ နေ ကြောင်း ၂ဝဝ၉ ခုနှစ် မေလအတွင်းက ဝီကီလိခ်မှ ပေါက်ကြားခဲ့သည့် ရန်ကုန်မြို့ အမေရိကန်သံရုံးမှ အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ပေးပို့သည့် ကြေးနန်းစာတွင် ပါရှိဖူးသည်။