ဒီမိုကရေစီ ဘက်တော်သားပါဟု ဦးရွှေမန်းပြော

ဒီမိုကရေစီ ဘက်တော်သားပါဟု ဦးရွှေမန်းပြော
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။     ။ တပ်မတော်တွင် နှစ်ပေါင်း ၄ဝ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးဗိုလ်ချုပ် ကြီးရာထူးမှ အနားယူသွားသူ အထက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မိမိကိုယ်ကို ဒီမိုကရေစီ ဘက်တော်သား တယောက်ဖြစ်ကြောင်းနေပြည် တော်တွင် ပြုလုပ်သည့် ဒီမိုကရေစီနေ့တွင် ပြော သွားသည်ဟု လွှတ်တော်အမတ်များအပြော အရ သိရသည်။

"သူက စ,စ ချင်းပဲ၊ ကျန်းမာ ချမ်းသာပါပစေ နှုတ်ဆက်ပြီးတော့ ကျနော် ဒီမိုကရေစီ ဘက်တော်သား တယောက် အနေနဲ့ ဆိုပြီးတော့ ပထမဆုံးအပိုဒ်မှာ စပြောသွားတယ်။ နောက်အပိုဒ်တွေက စပြီးတော့ ဒီမိုကရေစီ ဘက်တော်သားများ ခင်ဗျာဆိုပြီး အဲဒါမျိုး သုံးသွားတယ်။" ဟု အမတ်တဦးက ပြောသည်။

၁၉၆၉ ခုနှစ်တွင် စစ်တက္ကသိုလ် (Defence Services Academy) အမှတ်စဉ် ၁၁ ကျောင်းဆင်း သူရ ဦးရွှေမန်းက ကြာသပတေးနေ့ ပြည်ထောင်စုလွှတ်တော်နှင့် ကပ်လျက်ရှိသော သဘင်အဆောက်အအုံ သဘင်ခန်းမတွင် နံနက် ၁ဝနာရီမှ မွန်းလွဲသုံးနာရီထိပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်း အနားတွင် ပြောသွားခြင်းဖြစ်သည်။
shwemann
"ဒီမိုကရေစီ ဘက်တော်သားဆိုရင် အစိုးရကို ဆန့်ကျင်တဲ့သူတွေလို့ အဓိပ္ပါယ်ရသွားတယ်၊ ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်း သုံးမိရင် နိုင်ငံရေးသမား ဒီမိုကရေစီအကြောင်းကိုပြောရင် ဒီနိုင်ငံမှာ ပြောလို့မရဘူး၊ နောက်ပြီးတော့ ဒီမိုကရေစီပြောရင် နိုင်ငံရေးသမားဆိုတော့ ဝန်ထမ်းတွေ၊ ကျောင်းသားတွေကပါတီ နိုင်ငံရေး ကင်းရှင်းရမယ် ဆိုတဲ့အခါမှာ ဝန်ထမ်းတွေ ကျောင်းသားတွေက ဒီမိုကရေစီဆိုတဲ့ စကားကို မသုံးရဲဘူး" အမတ်တဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အောက်လွှတ်တော် အမတ်ဖြစ်သူ ဦးခိုင်မောင်ရည်က မိမိတို့ သုံးနှုန်းသည့် ဒီမိုရေစီဘက်တော်သားဆိုသည့် ဝေါဟာရသည်၊ ထောင်တွင်းရောက်နိုင်ငံရေးလှုပ်ရှား သူများ၊ တောခိုပြီး စစ်အစိုးရကို ဆန့်ကျင်နေသူများနှင့် ပြည်ပရောက် ဒီမိုကရေစီအရေးလှုပ်ရှားနေ သူများကို ရည်ညွှန်းသည်ဟု ဆိုသည်။

သို့သော် လွှတ်တော် ဥက္ကဋ္ဌ တဦးအနေဖြင့် ယခုလိုပြောခြင်းကို မိမိအနေဖြင့် ကြိုဆိုပြီး၊ ဦးရွှေမန်း၏ ဒီမိုကရေစီအရေး လုပ်ရှားမှုများကို စောင့်ကြည့်ရဦးမည်ဟုလည်း ဦးခိုင်မောင်ရည်က ဆိုသည်။

"လွှတ်တော် ဥက္ကဋ္ဌတယောက် နိုင်ငံ့ Player တယောက်က အဲဒီလိုပြောရဲတာ ဘယ်သူမှ ဒီစကားလုံးတခါမှ မသုံးဘူးဖူး၊ သူက ဒီစကားလုံးကို ဒိုင်းကနဲ့ သုံးချလိုက်တယ်။ အဲဒီတော့ ဒါဟာ ရိုးသားမှုလား သို့မဟုတ် တခုခုကို အလျော့ပေးခြင်းလား ဆိုတာတော့ မသိသေးပေမယ့် ဦးရွှေမန်းသည် ဒီမိုကရေစီဘက်တော် သားဆိုတာ စကားလုံး အရတော့ ဖြစ်သွားပြီ" ဟု ဦးခိုင်မောင်ရည်က မဇ္ဈိမကိုပြောသည်။

လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်တွင်း ဆွေးနွေးမှုများကို ဒီမိုကရေစီနည်းလမ်းတကျ လုပ်ဆောင်နေပြီး အစိုးရဌာနများနှင့်အစိုးရမှလည်း ဒီမိုကရေစီစနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း သူ၏မိန့်ခွန်းတွင် ထည့်ပြော သွားသည်။

နေပြည်တော် ပြည်ထောင်စုလွှတ်တော် သဘင်ဆောင်တွင် ပထမဆုံး ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် လွှတ်တော်ရောက် နိုင်ငံရေးပါတီများမှ ဒီမိုကရေစီစနစ်အပေါ် ယူဆပုံ အသီးသီးကို စာတမ်းအဖြစ် ပြုစုကာ ဖတ်ကြားကြသည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်လည်း ကျင်းပရာ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် အပြောင်းအလဲများဖြစ်နိုင်ခြေရှိ သည့် အနေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း သူ၏ ၁ဝ မိနစ်ကြာ မိန့်ခွန်းတွင်ထည့်သွင်းပြောသွား သည်။

အသက် ၆၄ နှစ်ရှိ သူရဦးရွှေမန်းသည် တပ်မတော်တွင် ၁၉၆၉ ခုနှစ်က စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ဗိုလ်ချုပ်ရာထူး၊ ၂ဝဝ၃ ခုနှစ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး၊ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၂ဝ၁ဝ တွင် တပ်မှအနားယူကာ ကြံ့ဖွံ့ပါတီဝင်အဖြစ် နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ အောက်လွှတ်တော် အမတ်အဖြစ် ဝင်ရောက်အရွေးခံခဲ့သည်။

ဦးရွှေမန်းသည် ၂ဝ၁ဝ ဖေဖေါ်ဝါရီလ နေပြည်တော်တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရပြီး အမျိုးသားလုံခြံုရေးနှင့် ကာကွယ်ရေးကောင်စီ အဖွဲ့ဝင်လည်းဖြစ်သည်။

Most read this week