ချင်းမိုင်(မဇ္စျိမ) ။ ။ ယမန်နှစ် သင်္ကြန်ကာလ ရန်ကုန်မြို့ ရေကစားမဏ္ဍပ်တခုရှေ့တွင်ဗုံးပေါက် ကွဲမှုများဖြစ်ပွားရာ ဓါတ်ပုံရိုက်ကူးခဲ့သူပြည်ပ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ ဓါတ်ပုံ သတင်းထောက် ကိုစည်သူဇေယျကိုရန်ကုန်အရှေ့ ပိုင်း ခရိုင်တရားရုံးက ထောင်ဒဏ် ၁ဝ နှစ်ထပ်မံ အပြစ်ပေးလိုက်သည်။
အသက် ၂၃ နှစ်အရွယ် ကိုစည်သူဇေယျသည် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် မတရားအသင်း ဆက်သွယ်မှု တို့ဖြင့်လည်း ထောင်ဒဏ် ရှစ်နှစ်ချခံထားရပြီး အင်းစိန်ထောင်တွင်းမှ အမှုရင်ဆိုင်နေခဲ့ရသည်။ ခြောက်လကျော် စစ်ဆေးခဲ့သော ရဲက တရားလိုပြုလုပ်သည့် အမှုတွင် တရားသူကြီး ဒေါ်စန်းယုတင်က အီလက်ထရောနစ် ဥပဒေကို ချိုးဖောက်သည်ဟု အမိန့်ချမှတ်လိုက်ရာ ကိုစည်သူဇေယျအနေဖြင့် ယခုအခါ စုစုပေါင်း ထောင်ဒဏ် ၁၈ နှစ် ကျခံရမှာ ဖြစ်သည်။
မိခင် ဒေါ်ရီရီတင်ကတော့ "ဘာမှ သက်သေ အထောက်အထား မပါဘူးဆိုတော့ ဒီဥပဒေနဲ့လည်း မငြိနေဘူး" ဟုပြောကာ အယူခံဝင်ရန် စိတ်ပိုင်းဖြတ်ထားသည်ဟု ဆိုသည်။
ဗုဒ္ဓဟူးနေ့က နှစ်နာရီကြာ ပြုလုပ်သော တရားခွင်သို့ ကိုစည်သူဇေယျကို ခြေချင်းခတ်ကာအင်းစိန်ထောင်တွင်း မှခေါ်ဆောင်လာခဲ့သည်။ သူ၏ ကျန်းမာရေးမှာ ကောင်းမွန်နေသည်ဟု ဒေါ်ရီရီတင့်က ပြောသည်။
ဖခင်ဖြစ်သူ ဦးဇေယျကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလက မတရားအသင်း ဆက်သွယ်မှုနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် အီလက်ထရောနစ် ပုဒ်မတို့ဖြင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ထားသည်။ လက်ရှိ ရှမ်းပြည်နယ် သီပေါထောင်တွင် အကျဉ်းကျခံနေရသည်။
၂ဝ၁ဝ ခုနှစ် ဧပြီ ၁၅ ရက်နေ့က ရန်ကုန်မြို့ X20 သင်္ကြန်မဏ္ဍပ်တွင် ဗုံးကွဲရာ စစ်ဘက် အရာရှိကြီးများ အပါအဝင်ဆယ်ဦး သေဆုံးပြီး ၁၇ဝ ခန့် ဒဏ်ရာရခဲ့သည်။ အခင်းဖြစ်ပြီးနောက် ဓာတ်ပုံရိုက်သူ ကိုစည်သူဇေယျကိုဖမ်းပြီး ဖခင်ဖြစ်သူကိုပါ ဆက်ဖမ်းခဲ့သည်။