မြန်မာဗိုလ်ချုပ်များ လာဘ်စားပုံ ဝီကီလိခ်တွင်ပါရှိ

မြန်မာဗိုလ်ချုပ်များ လာဘ်စားပုံ ဝီကီလိခ်တွင်ပါရှိ
by -
ကိုဝိုင်း

ချင်းမိုင် (မဇ္စျိမ) ။       ။ အာဏာသိမ်း နဝတစစ် အစိုးရ လက်ထက် ထိပ်တန်း ဗိုလ်ချုပ်တချို့ လာဘ်စားခဲ့ပုံများကို ရန်ကုန်မြို့ အမေရိကန် သံရုံးမှ ဝါရှင်တန် နိုင်ငံခြားရေး ဝန်ကြီးထံပေးပို့ သည့် လျို့ဝှက်ကြေးနန်း တစောင် ဝီကီလိခ် စာမျက်နှာမှ ပေါက်ကြားလာသည်။

ငါးဖမ်းသင်္ဘော အစင်း ၁ဝဝ ကျော်ဖြင့် မြန်မာ့ရေပိုင်နက်တွင် လုပ်ကိုင်ခွင့်ရနေသည့် ထိုင်းလုပ်ငန်းရှင်ကြီး တဦးကမြန်မာနိုင်ငံကို အပတ်စဉ်သွားတိုင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဟောင်း ဗိုလ်ချုပ် ချစ်ဆွေအား လာဘ်ထိုးရပုံကို ရန်ကုန်အမေရိကန် သံရုံးသို့ ပြောပြခဲ့သည်။

ထို့အပြင် လာဘ်စားသူများထဲတွင် နဝတ အတွင်းရေးမှူး ၂  ဗိုလ်ချုပ်တင်ဦး၊ စစ်ထောက်လှမ်းရေး အကြီး အကဲ ဗိုလ်ချုပ်ခင်ညွန့်၏ ဇနီးတို့လည်းပါခဲ့သော်လည်း နောင်တွင် အာဏာရှင်ဖြစ်လာသော ဗိုလ်ချုပ်ကြီး သန်းရွှေမှာ အနေအထိုင် ရိုးအေးကြောင်း  ၂ဝ၁၁ ခု သြဂုတ်လ ၃ဝ ရက်စွဲဖြင့်ပေါက်ကြား လာသည့် ကြေးနန်းစာက ဖော်ပြနေသည်။

"မြန်မာပြည်ကို အပတ်စဉ်သွားတိုင်း ငွေသားနဲ့ချည်း အမေရိကန် ဒေါ်လာ ၅၀,၀၀၀ လောက် ကုန်တယ်။ အဲဒီထဲ က ၁၅ ရာခိုင်နှုန်းလောက် (ဒေါ်လာ ရ,၅၀၀) က ဗိုလ်ချုပ်ကြီးတွေကို ချန်ထားရတာ (ကျန်တဲ့ငွေ တွေကတော့ ငါးဖမ်းခွင့် ရဖို့အတွက် မြန်မာအစိုးရဆီ ရောက်ကုန်တယ်)" ဟု သံရုံးက သိရှိရသည်ကို ၁၉၉၂ ခု မေလ ၄ ရက်စွဲဖြင့် ဝါရှင်တန် အမေရိကန် နိုင်ငံခြားရေးရုံးသို့ ပေးပို့သည့် ကြေးနန်း၌ ပါရှိသည်။

၁၉၈၈ ခုနှစ် နဝတ ကောင်စီတွင် ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေးအထူး အဖွဲ့ (၂) ကစထမှူး ရာထူးဖြင့် အဖွဲ့ဝင်အဖြစ် ပါခဲ့ပြီးနောက်ပိုင်း မွေး/ရေနှင့် သစ်တောဝန်ကြီး ဗိုလ်ချုပ် ချစ်ဆွေဖြစ်သည်ဟု ထိုင်းလုပ် ငန်းရှင်က ဆိုသည်။ ဗိုလ်ချုပ်ချစ်ဆွေသည် ၁၉၉၀ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရပြီး ၁၉၉၇ တွင် အနားယူခဲ့ရသည်။

"ထိုင်းတွေကပဲ သင်ပေးလို့" (မွေး/ရေ) ဝန်ကြီးသည် အတိုင်းအတာတခုအထိ ငြင်းသာအောင် လာဘ်ဘယ်လို ယူရသည် ဆိုသည်ကို ကောင်းစွာတတ်မြောက်ခဲ့သည်ဟု ဆိုသည်။ "ချစ်ဆွေဟာ ထိုင်းစီးပွားရေး သမား တွေနဲ့ တယောက်ချင်းတွေ့ဖို့ ငြင်းလေ့ရှိပြီး သူ့သားနဲ့ သာ အလုပ်လုပ်စေတယ်" ဟုဆိုသည်။

ဗိုလ်ချုပ်ချစ်ဆွေ၏ သားက ထိုင်းလုပ်ငန်းရှင်တွေပြန်ရင် လိုက်ပို့လေ့ရှိပြီး အကောက်ခွန်ဌာနက သူပါလို့ စစ်ဆေးမှု မလုပ်ဘူးဟု ဆိုသည်။

"မကြာခင်ကပဲ ချစ်ဆွေရဲ့သားဟာ လေဆိပ်ကို ထိုင်းလုပ်ငန်းရှင် ၆၀ လောက်နဲ့အတူ မိနစ် ၂၀ လောက်ပဲ ကြိုတင် အသိပေးပြီး အကောက်ခွန်ဂိတ်တွေကို ဖြတ်သွားခဲ့သေးတယ်" ဟု သံရုံးက သီးးသန့်မှတ်ချက် ပြုထားသည်။

တခြားသော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ဝင်များနှင့်လည်း ဆက်ဆံရသည့် အကြောင်း ထိုင်းစီးပွားရေးသမားက ပြောဆိုခြင်းကို မှတ်တမ်းတင်ထားရာတွင် စစ်ဦးစီး ဗိုလ်ချုပ်တင်ဦး၏လာဘ်စားမှု လည်း ပါသည်။

ဗိုလ်ချုပ်တင်ဦးကား "အထပ်ထပ်ညှိရတယ်"ဟု နာမည်ကြီးပုံကို ဆိုသည်။ ဗိုလ်ချုပ်တင်ဦး၏ သားကလာဘ်ရ ထား သော မာစီဒီးဘင့်ဇ်ကား တစီအား မြို့ထဲတွင် လှည့်ပတ်မောင်းရာက စစ်ထောက်လှမ်းရေးက ဗိုလ်ချုပ် တင်ဦးကို မျက်လုံး ဒေါက်ထောက်ကြည့်လာပြီး ဗိုလ်ချုပ်တင်ဦးနေအိမ်ကို စစ်ဆေးတာ လုပ်သည်ဟုဆို သည်။

"စစ်ထောက်လှမ်းရေးချုပ် ခင်ညွန့်က အဲဒီကားကို အစိုးရထံအပ်နှံဖို့ တင်ဦးကို ဖိအားပေးခဲ့တယ်" ဟု သံရုံးက မှတ်ချက်ပြု ဖော်ပြထားသေးသည်။

၁၉၉၇ ခု၌ ပါဆယ်ဗုံး လုပ်ကြံမှုမှ လွတ်မြောက်ခဲ့သော ဒုဗိုလ်ချုပ်ကြီး တင်ဦးသည် ၂၀၀၁ ခု ဖေဖော်ဝါရီလက ကရင်ပြည်နယ် ဘားအံမြို့အနီး ရဟတ်ယာဉ် ပျက်ကျသဖြင့် သေဆုံးသွားခဲ့သည်။

"ထိုင်းစီးပွားရေးသမားကြီးများထဲတွင် တန်ဖိုးကြီး ကျောက်မျက်များကို မက်မောသည့် ခင်ညွန့်၏ ဇနီး၊ နဝတ ဥက္ကဋ္ဌအသစ် သန်းရွှေ၏ သားတို့နှင့် ညှိနှိုင်းဆောင်ရွက်ဖူးကြသူများ ရှိသည်"ဟု ရန်ကုန်မြို့ အမေရိကန် သံရုံးက သိရှိရချက်ကို ကြေးနန်းစာအတွင်း ရေးသားထားသည်။

၂ဝဝ၃ ခုတွင် နအဖ ဝန်ကြီးချုပ် ဖြစ်လာသည့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်မှာ ၂ဝဝ၄အောက်တိုဘာတွင် လာဘ်စားမှု၊ အမိန့်မနာခံမှု စွဲချက်များဖြင့် ရာထူးမှ ဖယ်ရှားကာ ဆိုင်းငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်ဖြင့် နေအိမ်အကျယ်ချုပ် ချခံရသည်။

၁၉၉၂ ခု ဧပြီ ၂၃ တွင် ဒုတိယ ဗိုလ်ချုပ်ကြီး သန်းရွှေ နဝတ ဒုဥက္ကဋ္ဌ မှ ဥက္ကဋ္ဌ ရာထူးတက်သွားခြင်းကိုလည်း "ဒီတာဝန်ကို သူဘာသာသူ တခြား မတရားတဲ့နည်းနဲ့ ယူလိုက်တာလား" သို့မဟုတ် "အခြားဗိုလ်ချုပ်တွေကို လာဘ်စားခွင့်ပြုထားပြီး သူက ဒီရာထူးကို ရယူတာလား" ဟု ထိုင်းငှား လုပ်ငန်းရှင်က သံသယ ရှိခဲ့သည်။

ထိုစဉ်က "ဗိုလ်ချုပ်ကြီးသန်းရွှေမှာ မြန်မာ အဆင့်အတန်းအရပင် ရိုးရိုးစင်းစင်း နေတတ်သူဖြစ်ပြီး လေအေး ပေးစက်လို အနောက်တိုင်း ဇိမ်ခံ အသုံးအဆောင်တွေ အသုံးနည်းတယ်" ဟု ရန်ကုန်မြို့ အမေရိကန် သံအရာရှိက တဆင့် သိရှိရချက်ကို ကြေးနန်းအတွင်း ပြန်လည် ရေးသားထားသည်။

စစ်ခေါင်းဆောင်အဖြစ် ၁၉ နှစ် ကျော်အာဏာကိုဆုပ်ကိုင်ပြီးနောက် အသက် ရ၈ နှစ်အရွယ်တွင်ဗိုလ်ချုပ်မှူး ကြီး သန်းရွှေသည် ရာထူးမှနှုတ်ထွက်ကာ လက်ရှိ နေပြည်တော် ဇမ္ဗူသီရီမြို့နယ်တွင် နေထိုင်လျက် ရှိသည်။ သို့သော်လည်း စစ်ဘက် အရေးအရာများကိုမူ ဆက်လက် စွက်ဖက်ကြိုးကိုင်လျက် ရှိသည်ဟု လေ့လာသူအများက ယုံကြည်ကြသည်။

၂ဝဝ၆ ခုနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမီးတဦးဖြစ်သော မသန္တာရွှေ၏ လက်ထပ်မင်္ဂလာဆောင် အခမ်းအနားတွင် အမေရိကန် ဒေါ်လာ သန်း ၅ဝ ခန့် အကုန်အကျခံ အသုံးပြုခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့
သည်။