အလုပ်သမားရေး ရှေ့နေ အာမခံရ

အလုပ်သမားရေး ရှေ့နေ အာမခံရ
by -
ဖနိဒါ

ချင်းမိုင်(မဇ္စျိမ) ။       ။ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ရှေ့နေ ကိုဖိုးဖြူသည် ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလ က မြန်မာဂလိုဂွန် (Myanmar glogon) ကုမ္ပဏီမှ အသရေဖျက်မှုဖြင့် တရားစွဲဆို ရာတွင် ရုံးချိန်းလာရောက်ရန် ပျက်ကွက်မှုဖြင့် ငွေဆောင်ကမ်းခြေတွင် အဖမ်းခံရပြီးနောက် ဒဂုံဆိပ်ကမ်းမြို့ နယ်ရဲစခန်းက တနင်္လာနေ့တွင် လွှတ်ပေးလိုက်သည်။

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မြန်မာဂလိုဂွန် ကုမ္ပဏီ၏ အထည်ချုပ် အလုပ်သမတဦး၏ ရပိုင်ခွင့်များ ရရှိရေး အတွက် ရှေ့နေ ဦးဖိုးဖြူ အပါအဝင် အလုပ်သမားအရေးဆောင်ရွက်နေသူ ၁ဝ ဦးတို့ကို အသရေ ဖျက်မှု ပုဒ်မ ၅ဝဝ ဖြင့် ယမန်နှစ်ကုန်ပိုင်းက တရားစွဲဆိုခဲ့ရာ အမှုရုံးချိန်း တက်ရောက်ရန် ပျက်ကွက်ခဲ့သဖြင့် ဒဂုံတောင်မြို့နယ် တရားရုံးက စက်တင်ဘာလ ၆ ရက်နေ့က တားဝရန်း ထုတ်ခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ရှိ ငွေဆောင်ကမ်းခြေတွင် တနင်္ဂနွေနေ့ ညနေ ၆ နာရီအတွင်း ရဲက  ဖမ်းဆီးခဲ့ရာ နောက်တရက်နံနက် ၁ဝ နာရီခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းသို့ အပ်နှံခဲ့သည်။

"တောင်သူလယ်သမား ၂ ယောက်က ပိုင်ဆိုင်တဲ့ အထောက်အထား ပစ္စည်းအားဖြင့် ၅ သိန်းတန်တဲ့ ပစ္စည်းခံဝန်နဲ့ စာချုပ်မူရင်းတွေနဲ့ အာမခံလို့ လွှတ်လာပါတယ်"ဟု ပြန်လွှတ်လာသူ ရှေ့နေ ဦးဖိုးဖြူက ပြောသည်။

မြန်မာဂလိုဂွန် ကုမ္ပဏီမှ အလုပ်သမ မသီတာဦးသည် မွေးဖွားစရိတ်နှင့် မွေးဖွားခွင့် တောင်းဆိုသည်ကို ကုမ္ပဏီက ခွင့်မပေးသဖြင့် အလုပ်မှ ထွက်သွားခဲ့ရမှုကို ဦးဖိုးဖြူနှင့် အလုပ်သမားအကျိုးဆောင် ၁ဝ ဦးက ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ   အလုပ်သမား ကော်မတီထံ တိုင်ကြားခဲ့သည်။ ကုမ္ပဏီက အသရေဖျက်မှုဖြင့် ၁ဝ ဦးလုံးကို ပြန်လှန် စွဲဆိုခဲ့သည်။ ဒဂုံတောင်တရားရုံးတွင် ကိုးလခန့် ရုံးချိန်းတက်နေရာက လေးကြိမ်ပျက် ကွက်ခဲ့သည်။

"ဥပဒေအရဆိုရင်တော့ မှန်ကန်တယ်လို့ ပြောလို့ ရနိုင်ပါတယ်။ ဒါပေမဲ့လို့ ဒီဟာရဲ့ နောက်ကွယ်မှာ တခြားကိစ္စ တွေတော့ ကျနော်မှာ အလုပ်သမားလေးတယောက်ကို ကူညီရင်းနဲ့ အမှုအခင်းတွေ၊ တက်ကြွ ဆောင်ရွက်တဲ့ ကူညီသူတွေဟာ ဒီလိုအမှုအခင်းတွေ ရင်ဆိုင်နေရတဲ့အတွက် တခြားဒီထက်ပိုပြီးတော့ ဖွံ့ဖြိုး တိုးတက်မယ့် အခွင့်အလမ်းတွေကို ဆောင်ရွက်ဖို့အတွက် အများကြီးနှောင့်နှေးစေပါတယ်”ဟု ဦးဖိုးဖြူက မဇ္ဈိမသို့ပြောသည်။

စီးပွားရေး ကုမ္ပဏီအချို့က တောင်သူ လယ်သမားများ၏ လယ်ယာမြေများကို အဓမ္မ သိမ်းယူခဲ့သဖြင့် ပြန်လည် လုပ်ပိုင်ခွင့် ရရှိရေးကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ တောင်သူ လယ်သမားများက လက်မှတ်ထိုး တောင်းဆိုခြင်း၊ လယ်ယာမြေ သိမ်းယူသည့် မှုခင်းများကို အရေးတကြီး ဆောင်ရွက်နေ ရခြင်းကြောင့် ပျက်ကွက်ရခြင်းဖြစ်သည်ဟု သူက ပြောသည်။

ဦးဖိုးဖြူကို ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းတွင် ယနေ့ ၁၂ နာရီချိန်ထိ ထိန်းသိမ်းခဲ့ပြီးနောက် ဒဂုံဆိပ်ကမ်း မြို့နယ်မှ တောင်သူလယ်သမား ဦးမြင့်အောင်နှင့် ဦးညွန့်ကျော်တို့ အာမခံဖြင့် ပြန်လည် လွှတ်မြောက်လာခဲ့သည်ဟု သူက မဇ္စျိမကို ပြောသည်။

အသရေဖျက်မှုနှင့် ပတ်သက်၍ ရုံးချိန်းကို လာမည့် ၁၆ ရက်နေ့တွင် ထပ်မံ ရုံးချိန်းပေးခဲ့သည်ဟု သိရသည်။ အသရေဖျက်မှု ဥပဒေအရ ငွေဒဏ်နှင့် ထောင်ဒဏ် ၁ နှစ်ထိ ချခံနိုင်သည်။

ကိုဖိုးဖြူသည် သြဂုတ်လ ၃ဝ ရက်နေ့ကလည်း စီးပွားရေးလုပ်ငန်းရှင်များက ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်း၊ ဒဂုံ တောင်ပိုင်းနှင့် ဒဂုံအရှေ့ပိုင်းမြို့နယ်များမှ အဓမ္မသိမ်းယူခံထားရသော လယ်ဧက တသောင်းကျော် ပြန်လည် လုပ်ပိုင်ခွင့်ရရေးနှင့် လယ်ယာမြေဆိုင်ရာ ဥပဒေအချို့ လွတ်တော်တွင် ပြင်ဆင်ရေးကို လယ်သမား ရဝဝ ခန့်၏ လက်မှတ်ရေးထိုး တောင်းဆိုမှုကို နေပြည်တော် လွတ်တော်တရားရုံးသို့ တင်ပြခဲ့သည်။