ရန်ကုန် (မဇ္စျိမ) ။ ။ “ခြေရာပျောက်မြစ်နဒီ (The River of Lost Footsteps)" စာအုပ်ရေးသားသူ သမိုင်းပညာရှင် ဦးသန့်မြင့်ဦးသည်ကြာသပတေးနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက် တွေ့ဆုံခဲ့သည်။
အမေရိကန်နိုင်ငံသား ဦးသန့်မြင့်ဦးက အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံလိုကြောင်း ခွင့်တောင်းခဲ့ပြီး နံနက် ၁ဝ နာရီခွဲတွင် စတင်ဆွေးနွေးကြသည်။
"သူက ရန်ကုန်မှာ တခြားအလုပ်တခုနဲ့လာရင်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်တောင်းတာပါ။ အဖွဲ့ချုပ်ရုံးမှာ ဒီနေ့လက်ခံတွေ့ဆုံ ပေးခဲ့ပါတယ်။ တွေ့ဆုံမှုက နာရီဝက်လောက်ကြာပါတယ်။" ဟု ဦးအုန်းကြိုင်က မဇ္စျိမကိုပြောသည်။ ဆွေးနွေးမှု အကြောင်းအရာကိုမူ ထုတ်ဖော်ပြောဆိုခြင်း မပြုပါ။
ရန်ကုန် နိုင်ငံရေးအသိုင်းအဝိုင်းမှ ဦးသန့်မြင့်ဦးသည် ရန်ကုန်မြို့ ဗြိတိသျှသံရုံးတွင် ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန (ဗြိတိန်) (Department for International Development-DFID) အစည်းအဝေးသို့ တက်ရောက်ရန်မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်ဟု ဆိုသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေးဖြစ်သူ ကင်းဘရစ်တက္ကသိုလ်က သမိုင်းဘာသာရပ်ဖြင့် PhD ဘွဲ့ရ ဦးသန့်မြင့်ဦး၏ အင်္ဂလိပ်ဘာသာဖြင့်ရေးသားသောမြန်မာ့သမိုင်းဆိုင်ရာ စာအုပ် ခြေရာပျောက်မြစ်နဒီ "The River of Lost Footsteps" စာအုပ်သည် ထင်ရှားညွှန်းဆိုခံရသည့် စာအုပ်တအုပ်ဖြစ်သည်။
စာအုပ်တွင် မြန်မာနိုင်ငံကို အထီးကျန်ထားခြင်းမဟုတ်ဘဲ ကုန်သွယ်မှုတိုးပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခြင်းအားဖြင့် နိုင်ငံယန္တရားကို စနစ်တကျတည်ဆောက်ကာ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖွံ့ဖြိုး အောင်လုပ်ကိုင်ရန် ဆိုထားခြင်းကြောင့် ဝေဖန်မှုများလည်း ကြံုရသည့် စာအုပ်ဖြစ်သည်။