မက်ဆင်ဂျာကို ကန့်သတ်အပြစ်ပေး

မက်ဆင်ဂျာကို ကန့်သတ်အပြစ်ပေး
by -
သဲသဲ

နယူးဒေလီ (မဇ္စျိမ) ။       ။ အချပ်ပိုဖော်ပြရန် ကြိုတင်ခွင့်ပြုချက် မတောင်းခံခဲ့သော မက်ဆင်ဂျာ The Messenger ဂျာနယ်ကို စာပေစိစစ်ရေးက လာမည့် တနင်္ဂနွေတွင် ဖြန့်ချိမည့် စာစောင်အတွက် နောက်ဆက်တွဲ သတင်း ဖေါ်ပြခွင့် မပေးဘဲ ကန့်သတ်အပြစ်ပေးကာ တုံ့ပြန်လိုက်သည်။

"နောက်ဆက်တွဲ သတင်း" ဖော်ပြခွင့်မပြုဘဲ ကန့်သတ်လိုက်ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူးကို အချပ်ပိုအဖြစ် သြဂုတ် ၄ ရက်နေ့က စျေးကွက်သို့ ဖြန့်ချိခဲသော မက်ဆင်ဂျာ ဂျာနယ်အနေဖြင့် ဗုဒ္ဓဟူးနေ့ကပင် ဆင်ဆာ အပြီးတင် လိုက်ရသည်။သြဂုတ် ၁၁ ရက်နေ့တွင် ဖြန့်ချိမည့်စာစောင်အတွက်ကို သာလျင် ကန့်သတ်ခြင်းဖြစ်ပါသည်။
မက်ဆင်ဂျာ The Messenger ဂျာနယ်ကို နောက်ဆက်တွဲသတင်း ဖော်ပြခွင့် မပေးဘဲ ကန့်သတ်အပြစ်ပေး၊ ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူး ပါသောကြောင့် ဂျာနယ် ရောင်းအားတက် (ဓါတ်ပုံ မဇ္စျိမ)
စည်းကမ်း ချိုးဖောက်၍ အရေးယူခြင်း ဖြစ်သည်ဟု ဂျာနယ်တိုက် တာဝန်ရှိသူများကို ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ခံ ဆင်ဆာဘုတ်က ပြောသော်လည်း ထုံးစံအတိုင်းပင် မည်သည့် ပြစ်ချက်ကြောင့် အရေးယူသည်ကို ရှင်းပြခြင်းမရှိဟု မက်ဆင်ဂျာ၏ တာဝန်ရှိသူတဦးက ပြောသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး အချပ်ပိုနှင့် ပတ်သက်၍ ကြိုတင်ခွင့်ပြုချက် မယူခဲ့သည့် အတွက် အရေးယူခြင်း ဖြစ်မည်ဟု ဂျာနယ်တာဝန်ရှိသူများ ယုံကြည်ကြသည်။

“ အတွင်းစာမျက်နှာ ဖော်ပြဖို့နေရာ အခက်အခဲကြောင့်ရယ် အချိန်လည်း မမီတော့တာနဲ့ ကျနော်တို့က အချပ်ပို ထည့်လိုက်ပါ" ဟု မက်ဆင်ဂျာ၏ အယ်ဒီတာတဦးက ပြောသည်။

ဂျာနယ်စျေးကွက်တွင် သတင်းဦး၊ သတင်းထူးပါသော အချပ်ပိုကို အပြင်ထုတ်ကာ အသားပေး ရောင်းချလေ့ ရှိသည်။ ပထမဦးဆုံး အနေဖြင့် ပြည်တွင်းဂျာနယ် တခုတွင် ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူး ပါရှိခြင်းကား ဂျာနယ်ရောင်းအား တက်စေခဲ့ကြောင်း လေ့လာသူများက ပြောသည်။

တနင်္ဂနွေ အပတ်စဉ်ထုတ် သတင်းဂျာနယ် မက်ဆင်ဂျာမှာ တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့များတွင် မိမိ ပုံနှိပ်ဖော်ပြလိုသော သတင်းများ စာပေစိစစ်ရေးကို တင်ပြ အတည်ပြုချက် ရယူနိုင်ပြီး နောက်ဆက်တွဲ သတင်း (သို့မဟုတ်) ထပ်မံဖော်ပြလိုသော သတင်းရှိသေးလျှင် စနေနေ့တွင် တင်ပြခွင့် ရှိသည်။

နောက်ဆက်တွဲ သတင်းများမှာ လတ်ဆတ်မှု ပိုလေ့ ရှိသည့်အပြင် ပထမရက်များက တင်ပြထားသည့် သတင်းများ အနက် စိစစ်ရေးက ခွင့်မပြု၊ ဆိုင်းငံ့ဟု မှတ်ချက်ပြုပါက နောက်ဆက်တွဲ သတင်းများဖြင့် အစားထိုး ဖြည့်သွင်းရသဖြင့် နောက်ဆက်တွဲ သတင်း တင်ပြမှုသည် ဂျာနယ်တိုက်များ အတွက်အရေးကြီး သည့် ကဏ္ဍ ဖြစ်သည်။

"ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးမို့ ဒီလောက် ရေးကြီးခွင်ကျယ်ဖြစ်တာ" ဟု ပြည်တွင်း ဂျာနယ် အယ်ဒီတာ တဦးက အာဏာပိုင်များ၏ အကဲဆတ်သည့်သဘောကို ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏ သားဖြစ်သူ ဦးဇော်မင်းအေး ထုတ်ဝေသည့် မက်ဆင်ဂျာမှာ "ယနေ့ခေတ် လူငယ်များအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်" ကို ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးများကို အခြားသော ဂျာနယ်များတွင်လည်း မကြာမီ ပိုမိုတွေ့လာရဖွယ် ရှိသည်ဟု ရန်ကုန်ရှိ သတင်းစာဆရာများက ပြောသည်။

ပြောင်းလဲလိုက်သည့် စာပေစိစစ်ရေး စည်းကမ်းချက်များတွင် သတင်း၊ မှုခင်း၊ ပညာရေး၊ စီးပွားရေး၊ ဘာသာရေး အမျိုးအစားဝင် ၁၈ဝ ခုကိုမူ ပုံနှိပ်ထုတ်ဝေခြင်း မပြုခင် ကြိုတင်ခွင့်ပြုချက်ရယူရန် သတ်မှတ်ထားသည်။ ယင်းအမျိုးအစားကို “တင်ထုတ်”ဟူ၍ ခေါ်လေ့ရှိကြသည်။

Most read this week