နယူးဒေလီ (မဇ္စျိမ) ။ ။ အစိုးရ သတင်းစာပါ သတင်းများသည် သတ်မှတ်ချက် စံချိန်စံညွှန်း များနှင့် ကိုက်ညီမှု မရှိသေးဟု ဝေဖန်လိုက်ပြီး စံကိုက် ညီမှု ရှိလာလျှင် ပြည်တွင်း သတင်းစာဆရာ များနှင့် ဖွဲ့စည်းထားသော သတင်းဆုကော်မ တီ အနေဖြင့် သတင်းဆုပေးရာတွင် ထည့်သွင်းရွေး ချယ် ပေးသွားမည်ဟု ဆုရွေးချယ်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ စာရေးဆရာ မောင်ဝံသ က ပြောသည်။
“အစိုးရ သတင်းတွေက အခုလက်ရှိ အနေအထားထိတော့ ကျနော်တို့ စံတွေနဲ့ ကိုက်ညီမှုတော့ မရှိသေးဘူး။အစိုးရရဲ့ လှုပ်ရှားမှုတွေ၊ အစိုးရဘက်က ထုတ်ပြန်တဲ့ သတင်းတွေ ဒါတွေပဲ ထည့်နေတာကိုး။ကျနော်တို့ ကတော့ အကောင်းဆုံး သတင်းဆုတို့ အကောင်းဆုံး အာဘော်ဆုတို့ အကောင်းဆု သတင်းဆောင်းပါးဆု တို့ကျတော့ ဘယ်လိုပဲဖြစ်ဖြစ် သူ့သတ်မှတ်ထားတဲ့ စံတွေနဲ့ ညီတဲ့ အဆင့်အတန်းမျိုးတွေဝင်မှစဉ်းစားကြ မှာပါ” ဟုပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသမှ မဇ္စျိမကို ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာဘာသာဖြင့် ထုတ်ဝေသော မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများ၊ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော The New Light of Myanmar စစ်တပ် ရန်ပုံငွေဖြင့် ထုတ်ဝေသော မြဝတီသတင်းစာနှင့် သက်ဆိုင်ရာ စည်ပင်သာယာများက ထုတ်ဝေသော ရန်ကုန်မြို့တော် သတင်းစာနှင့် မန္တလေးမြို့တွင် ရတနာပုံတို့ ရှိပြီး အာဏာပိုင်တို့၏ ဝါဒဖြန့်ချိရေး ယန္တရား အဖြစ် အသုံးပြုသည်။
စက်တင်ဘာလ ၁ ရက်နေ့က ယခင် လူဦးရေ ၂ဝ ဖြင့် ယာယီ ဖွဲ့စည်းထားခဲ့သော အမျိုးသား သတင်းဆု ရွေးချယ်ရေး ကော်မတီကို ၁၂ ယောက် အသစ်ထပ်တိုးကာ ဆုရွေးချယ်ရေး စံချိန်စံညွှန်းများကို ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အသစ်ထပ်တိုးလိုက်သော ကော်မတီဝင်များမှာ Open News ဂျာနယ်မှ ဦးသီဟသော်၊ ဗီးနပ်စ်ဂျာနယ် အယ်ဒီတာချုပ် ဒေါက်တာ မျိုးမင်းထိုက်၊ ဦးမျိူးညွှန့်မောင်၊ မြန်မာပို့စ် ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးသန်းထိုက်သူ၊ Messenger ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးသူရအောင်၊ 247 ဂျာနယ် အယ်ဒီတာချုပ် ဦးမြင့်ဆွေမြင့်၊ Hot နယူးစ်ဂျာနယ် အယ်ဒီတာ ဒေါ်ဟေမာ၊ အင်ဗွိုက်ဂျာနယ် အယ်ဒီတာ ဦးဇော်ထွန်းမောင်၊ 7 Day နယူးစ်ဂျာနယ် အယ်ဒီတာ ဦးချမ်းငြိမ်း၊ သတင်းစာ စာရေးဆရာ ဦးအံ့မောင်၊ သတင်းစာဆရာ ဦးသာဘန်း၊ ကာတွန်းဆရာဦးငွေကြည် တို့ဖြစ်သည်။
အကဲဖြတ် ကော်မတီဝင်များ အဖြစ် စာပေ၊ သတင်းသမား ၃၄ ယောက်ကို စာရင်းပြုစု ကမ်းလှမ်းထားပြီး အမျိုးသား သတင်းဆု ရွေးချယ်ရေး ကော်မတီမှ သြဇာလွှမ်းမိုးမှု မရှိပဲ လွတ်လပ်စွာ အကဲဖြတ်လုပ်ဆောင် ကြ မှာ ဖြစ်သည်။
ကမ်းလှမ်းထားသည့် အဆိုပါ အကဲဖြတ် ကော်မတီဝင်များကို မည်သူမည်ဝါဖြစ်ကြောင်းထုတ်ပြန်ကြေငြာ ခြင်း မရှိသေးပေ။
သြဂုတ်လ ၁၈ ရက်နေ့က သတင်းသမားဆု အပါအဝင် ဆု ၅ ဆုကို နှစ်စဉ် ပေးအပ်သွားရန် အတွက် သတင်းဆုကော်မတီကို မြန်မာနိုင်ငံနှင့် စာနယ်ဇင်း အဖွဲ့ဝင်များ၊ လွတ်လပ်သော သတင်းစာဆရာများနှင့် စာပေစိစစ်ရေးမှ တာဝန်ရှိသူများဖြင့့် ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။
ချီးမြှင့်သွားမည့် ဆုများမှာ အမျိုးသားအဆင့် သတင်းသမားဆု၊ သတင်းဆောင်းပါး၊ အာဘော်၊သတင်း ဓာတ်ပုံနှင့် သတင်းကာတွန်းဆုများ ဖြစ်ပြီး ယခုနှစ်အတွက် ဆုကိုမူ ၂၀၁၁ နှစ်ကုန်ပိုင်း အထိဂျာနယ်များ တွင် ရေးသားထားသော သတင်းများကို အကဲဖြတ် အဖွဲ့မှ စီစစ်ကာ လာမည့် ၂ဝ၁၂ဖောဖော်ဝါရီလတွင် ပေးအပ်မည် ဖြစ်သည်။
စံချိန်စံညွှန်းများနှင့် ပတ်သတ်၍ မောင်ဝံသမှ “စံတွေ ဆိုတာက ယေဘူယစံတွေပေါ့ဗျာ။ အရေးအသားတို့၊
တိကျမှုတို့၊ တစောင်တည်း ထူးထူးခြားခြားနဲ့ ဖေါ်ထုတ်ပြနိုင်မှုတို့၊ နောက်တခါ သတင်းအင်္ဂါရပ်တွေနဲ့ ပြည့်စုံတာတို့ အဲဒါမျိုးတွေပေါ့။ ဒါတွေက နိုင်ငံတကာ စံတွေနဲ့ပါပဲ” ဟု ဆိုသည်။
သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တရားဝင် တွေ့ဆုံမှုများ ရှိလာခဲ့ပြီးနောက် အစိုးရသတင်းစာ များတွင်ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံများကို ထည့်သွင်း ဖော်ပြလာခဲ့ခြင်းများ၊ လွှတ်တော် အတွင်းဆွေးနွေး ချက်များကိုပြည်သူများ အာရုံစိုက်လာခြင်းတို့ကြောင့် အစိုးရ သတင်းစာကို ပြည်သူများ အနည်းငယ်စိတ်ဝင် စားမှု ရှိလာသည်။