အလုပ်သမား အဖွဲ့များ ဖွဲ့စည်းနိုင်ရေး အမျိုးသားလွှတ်တော် အတည်ပြု

အလုပ်သမား အဖွဲ့များ ဖွဲ့စည်းနိုင်ရေး အမျိုးသားလွှတ်တော် အတည်ပြု
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ကြံ့ခိုင်ဖွ့ံဖြိုးရေး ပါတီဝင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည် တင်သွင်း ခဲ့သည့်  အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းနိုင် ရေးနှင့် အကန့်အသတ်ဖြင့် ဆန္ဒဖော်ထုတ်နိုင်မည့်ဥပဒေမူကြမ်း ကို တနင်္လာနေ့ ပထမအကြိမ် အမျိုး သားလွှတ်တော်တွင် အစည်းအဝေးတွင်အတည်ပြု ပေးလိုက်ပြီ ဖြစ်သည်။

အဆိုပါ ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဆန္ဒခံယူရမှာဖြစ်ပြီး အတည်ပြုပါက ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ကို ရယူပြီးနောက် ဥပဒေအဖြစ် ပေါ်ပေါက်လာမည် ဖြစ်သည်။

ဥပဒေမူကြမ်းတွင် အလုပ်ရှင် အလုပ်သမား အသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ပြီး၊ အလုပ်သမားများ ဆန္ဒပြလိုပါ ကဒေသခံ အာဏာပိုင်များမှ ခွင့်ပြုထားသည့် နေရာတွင် လူအရေအတွက် အကန့်အသတ်ဖြင့် ဆန္ဒဖေါ် ထုတ်ခွင့် ရရှိမည်ဟု ဥပဒေမူကြမ်းကို ဖတ်ခွင့်ရသူ ဒီမိုကရေစီပါတီသစ် ပါတီမှ အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ဆိုသည်။

အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းရာတွင် အစိုးရ၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် အလုပ်သမားဝန်ကြီး ဌာနတို့မှ လူပုဂ္ဂိုလ်များ ပါဝင်ခွင့်မရှိဟု သိရသည်။ “ အလုပ်သမားတွေက သူတို့ ကိုယ်စားလှယ်နဲ့ သူတို့ဖွဲ့ရမှာပါ၊” ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။

ကွယ်လွန်သူ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်ကတည်းက ယခုတိုင် လွတ်လပ်သော အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့် ပိတ်ပင်ထားခဲ့ပြီး အစိုးရမှ ကြီးမှူးသည့် အသင်းအဖွဲ့များသာ တည်ရှိ နေခဲ့သည်။

တနင်္လာနေ့ အမျိုးသားလွှတ်တော်တွင် သစ်တောဝန်ကြီး ဦးဝင်းထွန်းမှ သစ်တော ဥပေဒမူကြမ်းကို တင်သွင်းခဲ့ရာ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တောဧရိယာများ တိုးမြှင့်ရန်နှင့် သစ်ပင်များ စိုက်ပျိုးရန်တို့ ပါဝင်သည်ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။ ယင်းအဆိုကို အင်္ဂါနေ့ အမျိုးသားလွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည် ဖြစ်သည်။

ပြည်သူ့လွှတ်တော်တွင် ဦးသိန်းညွန့်မှ ၂၁ ရာစုနှင့်ညီညွတ်သော လူ့ဂုဏ်သိက္ခာနှင့် ညီညွတ်သည့် ဥပဒေတရပ် မူကြမ်းရေးဆွဲပြီး တင်သွင်းရာတွင် ၁၈၉၄က ပြဋ္ဌာန်းခဲ့သော အကျဉ်းထောင်များအက်ဥပဒေ သည် ကိုလိုနီခေတ်ကပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်သည့် အပြင် လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်း သေးသိမ်စေသည့် အရေးယူဆောင်ရွက်မှုများကို ခွင့်ပြုထားသည်များ ရှိနေခြင်းကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင်နေသည့် အတွက် ထိုဥပေဒကိုပြန်လည်ပြင်ဆင်ရန် ထည့်သွင်း ဆွေးနွေးသွားသည်။

ယင်းအဆိုကို တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့မှ အမတ်များ ပါဝင်သော အမတ် ရ ယောက်မှ ထောက်ခံ ဆွေးနွေးပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမတ် ၂ ယောက်က ကန့်ကွက် ဆွေးနွေး ကြသည်။

ကန့်ကွက် ဆွေးနွေးသူ မင်္ဂလာဒုံ မဲဆန္ဒနယ်မှ ကြ့ံဖွံ့အမတ်များ ဖြစ်သည့် ဦးတင်မောင်ဝင်းနှင့် ဇီးကုန်း မဲဆန္ဒနယ်မှ ဦးတင်မောင်မြင့်တို့မှ ကိုလိုနီခေတ်မှ ထိုဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သော်လည်း လွတ်လပ်ရေး ရပြီးနောက်ပိုင်း အကျဉ်းထောင်များကို မြန်မာလူမျိုးများ အုပ်ချုပ်နေခြင်းကြောင့် နှိပ်စက်မှုများနှင့် မတရားပြုလုပ်မှုများ မရှိတော့ကြောင်း ဆွေးနွေးသွားသည်။

ဤအဆိုကို ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုမှ ခေတ်နှင့် မလျော်ညီတော့သော ယင်းဥပဒေများကို ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြန်လည်ပြင်ဆင်ရန် စတင်နေပြီ ဖြစ်ကြောင်း ဖြေသည်။

တနင်္လာနေ့ ပြည်သူ့လွှတ်တော်တွင် ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းညွန့်မှပင် ၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ (၁၇/၁၉၅ဝ) ဖျက်သိမ်းပေးရန် တင်သွင်းခဲ့သေးသည်။ ယင်းအဆိုကို အင်္ဂါနေ့ လွှတ်တော် အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။

ပြည်သူ့လွှတ်တော်တွင် ၁၉၉ဝ ပြည့်နှစ် ပါတီစုံ အထွေထွေး ရွေးကောက်ပွဲ ပြည်သူ့လွှတ်တော်အမတ် ၁၂ဝ ၏ အခန်းကဏ္ဍနှင့် စပ်လျဉ်းသည့် မေးခွန်းကို ဦးသိန်းညွန့်မှ မေးမြန်းခဲ့သေးသည်။

ယင်းမေးခွန်းကို ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ဖြစ်သည့် ဦးမြင့်နိုင်မှ ဖြေကြားရာတွင် ၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်မှာ ၁၀၇ ယောက်သာရှိပြီး၊ ရ၊ ၃၊ ၂ဝ၁ဝတွင် ရွေးကောက်ပွဲပြန်လည် မှတ်ပုံတင်ကြရန် ဥပဒေ ထုတ်ကြေညာခဲ့ပြီးဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်ခြင်း မရှိသည့် အတွက် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်သည် အလိုအလျောက် ပျက်ပျယ်ပြီဖြစ်ကြောင်း ပြန်လည် ဖြေကြားသွားခဲ့သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကို တနင်္လာနေ့ နံနက် ၁ဝ နာရီတွင် စတင်ပြီး ညနေ ၄း၂ဝတွင် ပြီးဆုံးကြသည်။