စစ်ဘက်အရာရှိဟောင်းကို အီလက်ထရောနစ် ဥပဒေဖြင့် ၁၀ နှစ်ထောင်ချ

စစ်ဘက်အရာရှိဟောင်းကို အီလက်ထရောနစ် ဥပဒေဖြင့် ၁၀ နှစ်ထောင်ချ
by -
သဲသဲ

နယူးဒေလီ(မဇ္စျိမ) ။       ။ ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိ မစ္စတာ ကွင်တားနား မြန်မာနိုင်ငံမှ ထွက်ခွာအပြီးနောက်ရက်တွင်ပင် သွေးလှူဒါန်းရေး ပါဝင်လှုပ်ရှားနေသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို  အီလက်ထရောနစ်ဥပဒေဖြင့် အင်းစိန်ထောင် အထူးတရားရုံးက သောကြာနေ့တွင် ထောင်ဒဏ် ၁ဝ နှစ် အမိန့် ချမှတ်လိုက်သည်။

nay-myo-zinရုံးတင်စစ်ဆေးမှု ၄ လနီးပါးအကြာတွင် စီရင်ချက်ချလိုက်ခြင်းဖြစ်ပြီး မိသားစုဝင်များပင် တက်ရောက် နာကြားခွင့် မရှိသော ၁ နာရီခန့်ကြာ တံခါးပိတ်တရားခွင်တွင် ရန်ကုန် မြောက်ပိုင်းခရိုင် တရားသူကြီး ဦးခင်မောင်ကဦးနေမျိုးဇင်၏ အီးမေးလ်များ အတွင်း တပ်မတော်ကို သိက္ခာချထားသည့် ဆောင်းပါးကို တွေ့ရှိသဖြင့်ပြစ်မှုကျူးလွန်ကြောင်း ဖတ်ကြားသွားသည်ဟု တရားခွင်မှပြန်လာသူ တရားခံ၏ရှေ့နေ ဦးလှမျိုးမြင့်က ပြောသည်။

ထောင်တွင်းချော်လဲရာက ခါးရိုးအက်နေ၍ လက်တွန်းလှည်းဖြင့် တရားခွင်လာရသူ  ဦးနေမျိုးဇင်က "တိုင်းပြည် အတွက် သစ္စာရှိရှိနဲ့ လုပ်ဆောင်ခဲ့တဲ့ လူငယ်တယောက်ကို ထောင် ၁ဝ နှစ်ချမှတ်ပြီး ထောင်ထဲမှာ အချိန်ကုန်ခိုင်း လိုက်တာဟာ လုံးဝ မတရားမျှတမှု မရှိဘူး။ အယူခံလည်းမဝင်ဘူး" ဟု တရားသူကြီးကို ပြန်လည် ပြောဆိုကြောင်း ဦးလှမျိုးမြင့်က ပြန်ပြောပြသည်။

ဦးနေမျိုးဇင်၏  ရှေ့နေများကမူ အမှုကို အယူခံဝင်ရန် ဆန္ဒရှိပြီး  ဥပဒေလမ်းကြောင်းဆုံးသည် အထိဆောင်ရွက်ရန် ကြိုးပမ်းမည်ဟု ဆိုသည်။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ရှေ့နေများဖြစ်သော  ဦးလှမျိုးမြင့်နှင့်ဒေါ်ခင်ဌေးကြွယ် တို့က သူ၏အမှုတွင် လိုက်ပါကူညီပေးနေသည်။

“ဒီစာရွက်စာတမ်းတွေဟာ သူ့ဆီကရပါတယ်။ ရေးပါတယ်ဆိုတဲ့အကြောင်း ထင်ရှားအောင်မပြနိုင်ဘူး၊ စာရွက်စာတမ်းနဲ့ ကွန်ပျူတာတွေ သိမ်းတုန်းကလည်း ဥပဒေကျင့်ထုံးတွေနဲ့ မညီကြောင်းကို ကျနော်တို့ ရုံးတော်မှာ တင်ပြထားခဲ့ပါတယ်”ဟု ဦးလှမျိုးမြင့်က ပြောသည်။

အီးမေးလ်ပါ ဆောင်းပါးတွင် ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟို အလုပ်မှုဆောင် ဦးဝင်းတင်တို့က ပြည်ပမီဒီယာများတွင် တပ်မတော်နှင့်ပတ်သက်၍ပြောဆိုထား မှုများ  ထည့်သွင်းရေးသားထားပြီး ယနေ့ခေတ် စစ်သားများ၏စိတ်ဓာတ်ပျက်ပြား နေမှုအကြောင်းများ ပါဝင်သည်ဟုဆိုသည်။ ယင်းဆောင်းပါးပါ အသေးစိတ် အကြောင်းအရာများကို မသိနိုင်သေးပါ။

ဦးနေမျိုးဇင်သည် တပ်မတော်တွင် ၁ဝ နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး ၂ဝဝ၅ ခုနှစ်၌ တပ်မှနှုတ်ထွက်ခဲ့ သူဖြစ်ကာနိုင်ငံရေးပါတီဝင် မဟုတ်ဘဲ လူမှုရေး လုပ်ငန်းများတွင် ကူညီလေ့ရှိသူ ဦးနေမျိုးဇင်မှာခါးဒဏ် ရာကြောင့် အင်းစိန်ထောင်မှနေ၍ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်ရှိ အရိုးကုဆေးရုံသို့ ယခင်တပတ်မှ စ၍ သွားရောက် ကုသနေရသည်။

အဖမ်းမခံရခင်က အင်တာနက်ဆိုင် ပိုင်ရှင် တဦးလည်းဖြစ်သူ ဦးနေမျိုးဇင်ကို ဧပြီလ ၂ ရက်နေ့က တောင်ဒဂုံနေအိမ်တွင် အထူးရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ၊ ၂ ပတ်အကြာတွင်နေအိမ်ရှိ ကွန်ပျူတာနှင့် မိုဘိုင်းလ်ဖုန်း တို့ကိုလည်း ထပ်မံသိမ်းယူခဲ့သည်။ ယင်းနောက် အထူးရဲတပ်ဖွဲ့ ဒုရဲမှူး ဦးသန်းစိုးက တရားလိုပြု၍ အီလက်ထရောနစ် ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးစဉ်ကပင် ဖမ်းဝရမ်း မပါခြင်း၊ ရက်သတ္တပတ် ၃ ပတ်ကျော်အထိ တရားရုံးမတင်ဘဲဖမ်းဆီးထားခဲ့ သဖြင့်၂ဝဝ၈ အခြေခံ ဥပဒေပါ နိုင်ငံသား ရပိုင်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အာရှလူ့အခွင့်အရေး ကော်မရှင် AHRCက ဧပြီလ နောက်ဆုံးပတ်က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့များ တွေ့ဆုံမှုများ ပြုလုပ်ချိန်မှာပင် ဦးနေမျိုးဇင်ကိုနှစ်ရှည်ထောင် ဒဏ် ချမှတ်ခြင်းသည် အစိုးရထိပ်ပိုင်းခေါင်းဆောင်များ၏ ကြိုးပမ်းမှုများကို သံသယ ဖြစ်စေကြောင်း  တောင်ဒဂုံ BG သွေးကူညီရေး အဖွဲ့က ရှုမြင်သည်။

"အပေါ်က လုပ်သမျှကို အောက်က ဖျက်ဆီး နေသလိုပါပဲ” ဟု တောင်ဒဂုံ သွေးကူညီရေး BG အဖွဲ့ ခေါင်းဆောင် တဦးဖြစ်သူ ကိုညီညီက ဆိုသည်။

သဘောကွဲလွဲသူများကို ထောင်ချရာတွင် အသုံးပြုလေ့ရှိသည့် အီလက်ထရောနစ် ဥပဒေကို ၂ဝဝ၄ ခုနှစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ အီလက်ထရောနစ် ဆက်သွယ်ရေးကိရိယာ များကို အသုံးပြု၍ နိုင်ငံတော်လုံခြံုရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက် ပျက်ပြားစေမှု၊နိုင်ငံတော် လျှို့ဝှက်ချက် ပြင်ပပေါက်ကြားစေမှု စသည့် ကိစ္စများနှင့် အကျံုးဝင်ပြီးအနည်း ဆုံး ရ နှစ်မှ ၁၅ နှစ် အထိ ထောင်ဒဏ်ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

Most read this week