နိုင်ငံရေးအကျဉ်းသား လွှတ်ရေးအဆို တပ်မတော်သား အမတ်များပါ ထောက်ခံ

နိုင်ငံရေးအကျဉ်းသား လွှတ်ရေးအဆို တပ်မတော်သား အမတ်များပါ ထောက်ခံ
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။       ။ သောကြာနေ့ ပထမ အကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်း အဝေးတွင် နိုင်ငံရေး အကျဉ်းသားများ လွတ် မြောက်ရေးနှင့် ပတ်သက်သည့် အဆိုသည်လွှတ် တော် ဆွေးနွေးပွဲများ အတွင်း ထောက်ခံဆွေးနွေး သူ အများဆုံးရရှိခဲ့သည့် အဆိုတခုဖြစ်ကာ တပ်မ တော်သား လွှတ်တော်အမတ်များပါပထမဆုံး အကြိမ် ဝင်ရောက်ထောက်ခံ ဆွေးနွေးသည့်အဆို တခုဖြစ်ခဲ့သည်ဟု ပြည်သူ့လွှတ်တော် အမတ်များက ပြောသည်။

မတ်လအတွင်းက ကျင်းပခဲ့သည့် လွှတ်တော် စည်းဝေးပွဲများနှင့် ယခု ကျင်းပဆဲ လွှတ်တော် အစည်းအဝေးများတွင် တင်သွင်းခဲ့သည့် အဆိုတခုကို ထောက်ခံဆွေးနွေးမှုမှာ အမတ် ၁ ဦးမှ ၄ ဦး အထိသာ ရှိခဲ့သည်။

သို့သော် ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းညွန့် ကြာသပတေးနေ့တွင် တင်သွင်းခဲ့သည့် “ယုံကြည်ချက် ကြောင့် အကျဉ်းကျခံ နေရသူများအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် သမ္မတမှ ထုတ်ပြန်ပေးရေး” အဆိုကို ပြည်သူ့ လွှတ်တော်တွင် သောကြာနေ့က ဆွေးနွေးရာ၊ တိုင်းရင်းသားပါတီများမှ လွှတ်တော် အမတ်များ သာမက တပ်မတော်သား အမတ်များ၊ စုစုပေါင်း ၁၅ ဦး ဆွေးနွေး ထောက်ခံခဲ့ကြခြင်းကြောင့် ထောက်ခံမှု အများဆုံးရသည့် အဆိုတခုဟု လွှတ်တော်အမတ်များက ပြောကြသည်။
meetlotdaw1
၂၅ ရာခိုင်နှုန်းဝေစုမှ တပ်မတော်သား လွှတ်တော် အမတ်များဖြစ်သည့် ဗိုလ်မှူးကြီး ဋ္ဌေးလှိုင်၊ ဗိုလ်မှူးကြီး တင့်ဆန်းတို့မှ အချို့သော တပ်မတော်သားများသည် အကြောင်းအမျိုးမျိုးကြောင့် အရပ်ဘက် တရားရုံးမှ ပြစ်ဒဏ်များ ကျခံခဲ့ရပြီး ထိုသူများသည် နိုင်ငံအတွက် အလုပ်လုပ်ခဲ့သူများ ဖြစ်ခြင်းကြောင့် ထိုသူများပါ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်စေလိုသည့် အတွက် ဦးသိန်းညွန့်၏ လွတ်ငြိမ်းချမ်းသာခွင့် အဆိုကို ထောက်ခံကြောင်း ဆွေးနွေး သွားကြသည်။ တနေ့တည်းမှာပင် အင်းစိန်ထောင်တွင်း တံခါးပိတ်တရားရုံး က ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အီလက်ထရောနစ် ဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၁၀နှစ်ချမှတ် လိုက်သည်။

ယင်းကဲ့သို့ တပ်မတော်သား လွှတ်တော်အမတ်များ ပါဝင်ဆွေးနွေးခြင်းမှာ ပထမဆုံး ဖြစ်ကြောင်းလည်း ပြည်သူ့ လွှတ်တော် အမတ် ဦးခိုင်မောင်ရည်က ဆိုသည်။

“ဒါ ပထမဦးဆုံး ဆွေးနွေးခြင်းပဲ ဆွေးနွေးတဲ့သူတွေကလည်း ဗိုလ်မှူးကြီးအဆင့် ရှိသူတွေ ထိပ်ဆုံးမှာ ထိုင်တဲ့နှစ်ယောက် ခုံနံပတ် ၁၊ ၂ အဲဒီမှာထိုင်တဲ့ နှစ်ယောက်က ထဆွေးနွေးသွားတာ” ဟု မဇ္ဈိမကို ပြောသည်။

ဦးသိန်းညွှန့်၏ အဆိုပါ အဆိုကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ အပါအဝင် တိုင်းရင်းသား ပါတီများဖြစ်သည့် ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ဖလုံစဝေါ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ချင်းတိုးတက်ရေး ပါတီများမှ ထောက်ခံ ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ခွဲထွက်ကာ ပါတီသစ်ထောင်ခဲ့သူ ဦးသိန်းညွန့်၏ အဆိုကို အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ဦးစိုးဝင်းနှင့် ဒေါက်တာ သန်းဝင်းတို့မှလည်းထောက်ခံ ခဲ့ကြသည်။ သို့သော် ကြံ့ဖွံ့အမတ်များဖြစ်သည့် ဦးစံလင်းနှင့် ဒေါ်လဲ့လဲ့ဝင်းဆွေတို့မှ ကန့်ကွက်ဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။

ဦးသိန်းညွန့်၏ အဆိုတွင် “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ အတွက် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် သမ္မတမှ ထုတ်ပြန်ပေးရေး” ဟု သုံးနှုန်းထားခြင်းကြောင့် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုမှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ဆက်လက် တင်ပြပေးရန် လွှတ်တော် ဥက္ကဋ္ဌသူရ
ဦး ရွှေမန်းက မေတ္တာရပ်ခံခဲ့ပြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုက သမ္မတထံ ဆက်လက် တင်ပြပေးမည် ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သည့် အဆိုကို ဦးသိန်းညွန့်မှ ယခုလ ၈ ရက်နေ့တွင်လွှတ်တော် ရုံး တင်ပြထားခဲ့ပြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်တဦးဖြစ်သူ သူရဦးအေးမြင့်မှလည်း လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်သည့် အဆိုကို ယခုလ ၂ဝ ရက်နေ့တွင် လွှတ်တော်ရုံးသို့ တင်ပြထားသည်ဟု သိရသည်။

သောကြာနေ့ လွှတ်တော် ဆွေးနွေးပွဲများတွင် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သည့် ယင်းအဆိုကို
ဆွေးနွေးသူများခြင်းကြောင့် ထိုအဆို တခုတည်းသာ ဆွေးနွေးနိုင်ခဲ့ကြသည်ဟု ပြည်သူ့လွှတ်တော် အမတ်များကပြောကြသည်။

ပြည်သူ့လွှတ်တော်၏ မေးခွန်းများတွင် ဦးသိန်းညွန့်မှ မေးမြန်းသည့် မေးခွန်းဖြစ်သည့် သင်္ကန်းကျွန်းမြို့ နယ်မှ လူကုန်ကူးခံရသူ ၂၆ ဦး နှင့်ပတ်သက်သည့် မေးခွန်းကို အလုပ်သမားဝန်ကြီး ဦးအောင်ကြည်မှ လူကုန်ကူးမှု ကျူးလွန်သူဟု ယူဆရသူ ဦးကျော်မြင့်ကို ဖမ်းဆီးစစ်ဆေးနေပြီ ဖြစ်ကြောင်း ဖြေသည်။

ယင်းအပြင် ရှေ့နေ စာမေးပွဲများ ပြန်လည် ကျင်းပခွင့်၊ လိုင်စင် သိမ်းခံရသူများ အတွက် ပြန်ထုတ်ပေးရန် ရှိမရှိကို ဦးသိန်းညွန့်မှ မေးမြန်းရာ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးမှ “တရားရုံးမှ သတ်မှတ်ထားသည့် ဥပဒေ ၁၂/၇ အရ ရှေ့နေ စည်းကမ်း မလိုက်နာသူများကို ရှေ့နေ လိုင်စင် ပြန်ထုတ်ပေးရန် မရှိပါ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဦးသိန်းညွန့်၏ နောက်ထပ်မေးခွန်းတခုဖြစ်သည့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တရားရုံးများ တခါးဖွင့်ပြီးပြည်သူ့ရှေ့တွင် တရားစီရင်ရန် ဖေါ်ပြထားသော်လည်း အင်းစိန်ထောင်တွင် အထူးတရားရုံးများ ဖွင့်ကာ တခါးပိတ် စစ်ဆေးနေခြင်းသည် ဥပဒေနှင့် ကိုက်ညီမှု ရှိမရှိ မေးသည်ကို ပြည်ထောင်စု တရား သူကြီးချုပ်မှ အထူးတရားရုံးများ လုပ်ရခြင်းသည် သက်သေများ တရားခံများ၏ လုံခြံုရေးအရ၊လုပ်ရခြင်း ဖြစ်ပြီး မြန်မာပြည်တွင် တခါးပိတ် စစ်ဆေးခြင်းမရှိပါဟု ပြန်လည် ဖြေကြားသည်။

ယင်းအပြင် ဦးသိန်းညွန့်မှ သင်္ဘောသားများ ကားသွင်းခွင့်ရှိမရှိ မေးခွန်းကို မေးမြန်းခဲ့ရာ စီးပွားကူး သန်းဝန်ကြီး ဦးဝင်းမြင့်မှ ပို့ကုန်သွင်းကုန် စည်းကမ်းအတိုင်း လုပ်နေခြင်းကြောင့် သင်္ဘောသားများ ကားသွင်းခွင့် မရှိကြောင်းဖြေသည်။

သောကြာနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် အမျိုးသား လွှတ်တော် အမတ် ဦးခက်ထိန်နန်က ဖားကန့်ဒေသရှိ ကျောက်စိမ်းများကို ရေရှည် စနစ်တကျ ထိန်းသိမ်း တူးဖေါ်ရေးအဆို တင်သွင်းရာ အမျိုးသား လွှတ်တော် အမတ်များအားလုံး သဘောတူလက်ခံခဲ့ကြသည်။

ဦးခက်ထိန်နန်၏ အဆိုကို သတ္တုတွင်းဝန်ကြီး ဦးသိန်းထိုက်က ဖြည့်စွက် ဆွေးနွေးရာတွင် အဆိုပါ ဒေသအတွင်းရှိကျောက်စိမ်းလုပ်ကွက်များကို လျှော့မည်ဖြစ်ကာ တိုင်းရင်းသား အမည်ခံ တရုတ်လူမျိုးများ၏ လုပ်ငန်းခွင်အတွင်း ကြီးစိုးမှုများကိုလည်း စိစစ်သွားရန် ရှိသည်ကြောင်း ဖြေကြားသည်ဟု အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းဖြင့်အောင်က ဆိုသည်။

“လုပ်ကွက်တွေကို လျော့ပါမယ် စက်တွေနဲ့ တူးတာတွေလည်း လျှော့ပါမယ်၊ တိုင်းရင်းသား အမည်ခံပြီး တော့ တရုတ်တွေ ကြီးစိုးနေတာတွေကိုလည်း သက်ဆိုင်ရာ ကချင်ပြည်နယ် အစိုးရနေပြီးတော့ စနစ်တကျ စစ်ဆေး ပါမယ် ဒေသခံတွေ ဦးစားပေးတဲ့ စနစ်ကို ကျင့်သုံးမယ် အဲဒီလိုပြောပါတယ်” ဟုဦးဖုန်းမြင့်အောင် က မဇ္ဈိမကိုပြောသည်။

ယင်းအပြင် အမျိုးသား လွှတ်တော်တွင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်မှ အလုပ်သမားများနှင့် ပတ်သက်သည့် ဥပဒေမူကြမ်းကို တင်သွင်သွားပြီး အဆိုပါမူကြမ်းကို လာမည့်တနင်္လာနေ့တွင် လွှတ်တော်မှ ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။

ဦးအောင်ကြည်၏ ဥပဒေမူကြမ်းတွင် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းနိုင်ရန်၊ အလုပ်သမားများမှ မကျေ နပ်ချက်များ ရှိပါက သက်ဆိုင်ရာ၏ အစီအစဉ်ဖြင့် ဆန္ဒပြခွင့်နှင့် အလုပ်ရှင် အဖွဲ့အစည်းများ ဖွဲ့စည်းရေး စသည့်အချက်များ ပါဝင်ကြောင်း ဥပဒေမူကြမ်းကို ဖတ်ခွင့်ရသူ ဦးဖုန်းမြင့်အောင်က ဆိုသည်။

အမျိုးသားလွှတ်တော်၏ သောကြာနေ့ အဆိုများတွင် အမျိုးသား လွှတ်တော် အမတ် ဦးခင်ရွှေ၏ဒေါ်လာ ဈေးပြန်လည်သတ်မှတ်ပေးရန် အဆိုကို တနင်္လာနေ့တွင် ဆွေးနွေးရန်ရှိပြီး ဦးခင်ရွှေ၏ နောက်ထပ် အဆိုတခုဖြစ်သည့် ခရီးသွား လုပ်ငန်းများကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို ဝန်ကြီးဌာနမှ ဦးစီးမှုမရှိဘဲ ဝန်ကြီးဌာနမှ ပုဂ္ဂိုလ်များ အပါအဝင် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဖွဲ့စည်းရန် အဆိုကိုလည်း လွှတ်တော်မှ အတည်ပြုပေးခဲ့သည်။

သောကြာနေ့ လွှတ်တော်များကို နံနက် ၁ဝ နာရီတွင် စတင်ကြကာ၊ ပြည်သူ့လွှတ်တော်သည် မွန်းလွဲ ၂း၃ဝ တွင် ပြီးဆုံးပြီး အမျိုးသားလွှတ်တော်သည် ညနေ ၄း၁၅ တွင် ပြီးဆုံးသည်။ လွှတ်တော် နှစ်ရပ်သည် စနေ၊ တနင်္ဂနွေတွင် ခေတ္တ ရပ်နားမည်ဖြစ်ကာ တနင်္လာနေ့တွင် ပြန်လည် စတင်မည်ဖြစ်သည်။

Most read this week