အုန်းဖျန်စခန်းမှ ဒုက္ခသည်များကို ဂျပန် လက်ခံရန်ရှိ

အုန်းဖျန်စခန်းမှ ဒုက္ခသည်များကို ဂျပန် လက်ခံရန်ရှိ
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။      ။ ထိုင်း-မြန်မာနယ်စပ် ဒုတိယအကြီးဆုံး အုန်းဖျန်စခန်းမှ ဒုက္ခသည်များကို ဂျပန်နိုင်ငံက လက်ခံမည်ဖြစ်ပြီး ပထမအသုတ် ရွှေ့ပြောင်းမှုကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာတွင် ပြုလုပ်မည်ဟု စခန်း တာဝန်ရှိသူများက ပြောသည်။

“၂ဝ၁၂ စက်တင်ဘာလမှာ စတင်ပြီးတော့ သူတို့ (စာရင်းစီစစ်ခြင်း) လက်ခံမယ်။ ၂ဝ၁၃ ခုနှစ် စက်တင်ဘာလမှာ စတင်ပြီးတော့ ထွက်ရမယ်” ဟု စခန်းဥက္ကဋ္ဌ ဦးစောဝါးထီးက မဇ္စျိမကို ပြောသည်။

ဂျပန်တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ မြဝတီမြို့ တဘက်ကမ်းရှိ မဲ့ဆာက်မြို့ရှိ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးခွဲမှ တာဝန်ခံများက ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ ဒုက္ခသည်စခန်းများသို့ လာရောက်ခဲ့စဉ် ဂျပန်နိုင်ငံတွင် အခြေချ နေထိုင်ရန် စိတ်ဝင်စားသူ ၂ဝဝ ခန့်နှင့်လည်း တွေ့ဆုံခဲ့သည်။

ဂျပန်နိုင်ငံသည် အကြီးဆုံး ဒုက္ခသည် စခန်းဖြစ်သည့် မယ်လစခန်းမှ ဒုက္ခသည်များကိုခေါ်ယူနေ ခဲ့ရာမှ ယခုတွင် တိုးချဲ့ ခေါ်ယူခြင်းလည်း ဖြစ်သည်။ လူဦးရေမည်မျှအထိ လက်ခံမည်ကိုဂျပန် အစိုးရဘက်မှ ထုတ်ဖော်ပြောဆိုခြင်း မပြုသေးပါ။

မဲ့ဆောက်မြို့တောင်ဘက် ရ၅ ကီလိုမီတာခန့်အကွာရှိ အုန်းဖျန်စခန်းတွင် ဒုက္ခသည် ၂၅,ဝဝဝ ကျော်ရှိရာ ၁၁,၄ဝ၄ ဦးသာ UNHCR မှ အသိအမှတ်ပြုခံထားရပြီး ကျန်သူများမှာ လျှောက်ထားဆဲ ဖြစ်သည်။  အသက် ၆ဝ ကျော်သူ၊ ကိုယ်လက််မသန်စွမ်းသူနှင့် ကျန်းမာရေး မကောင်းသူများကို ခေါ်ယူမည် မဟုတ်ဟု ဂျပန်အစိုးရဘက်မှ ကန့်သတ် ထားသည်။ စခန်းတွင် အသက် ရဝ ကျော် ၁၄ဝ ခန့်နှင့် မသန်မစွမ်းသူ ၁ဝဝ ခန့်ရှိသည်ဟု စခန်းတာဝန်ရှိသူများထံမှ သိရသည်။

“ကျနော်တို့ ဒုက္ခသည်များ ထွက်ရာပေါက်လမ်းကတော့၊ အနာဂတ်ဘဝရဲ့ လှပဖို့အတွက် လမ်းကတော့ ဒီ တတိယနိုင်ငံ တလမ်းပဲ ရှိတာကိုး။” ဟု စခန်းဥက္ကဋ္ဌ ဦးစောဝါးထီးက ဆိုသည်။

ဒုက္ခသည်များအကြား ဦးစားပေး ရွေးချယ်လေ့ရှိသည့် နိုင်ငံများတွင် အမေရိကန်ကထိပ်ဆုံးမှ ရှိနေပြီး  ဂျပန်နိုင်ငံသို့ သွားရောက်နိုင်ရန် အချိန်ကြာမြင့်စွာ စောင့်စားရမှုကလည်းဒုက္ခသည် များအတွက် ဂျပန်နိုင်ငံကို စိတ်ဝင်စားမှုလျော့ပါးစေသည်။

၁၉၉၉  ခုနှစ် သြဂုတ်လက တည်ထောင်ခဲ့သော အုန်းဖျန် ဒုက္ခသည်စခန်းတွင် ရပ်ကွက်ပေါင်း ၁၆ ခုရှိသည်။ယခုအထိ စခန်းမှတဆင့် တတိယနိုင်ငံသို့ ရွှေ့ပြောင်းသွားသူပေါင်း တသောင်းကျော် ရှိပြီဖြစ်ကာ ရ၅ ရာခိုင်နှုန်းခန့်မှာ အမေရိကန်နိုင်ငံသို့ ဖြစ်သည်။ ကျန်အနည်းစုမှာ  သြစတြေးလျ၊ နယူးဇီလန်၊ ဆွီဒင်၊ နော်ဝေ၊ ကနေဒါနှင့် အင်္ဂလန်တို့တွင် အခြေချလျက် ရှိသည်။

မကြာသေးမီကလည်း စခန်းအတွင်း မြန်မာပြည် ပြန်လိုသူများနှင့် တတိယနိုင်ငံ ထွက်သွားပြီးသူ၊ တတိယနိုင်ငံသို့ ထွက်ရန် လျှောက်ထားသူနှင့် ထိုင်းနိုင်ငံတွင်း ဆက်လက်နေထိုင်မည့်သူ စာရင်းများ ကောက်ခံရန်အတွက် ထိုင်းအာဏာပိုင်းများက ညွှန်ကြားခဲ့သည်။မည်သည့်အတွက် ကြောင့် ကောက်ခံခိုင်းသည်ကို မသိရသော်လည်း ပညာ အရည်အချင်း စစ်တမ်းနှင့် ထိုင်းနိုင်ငံတွင်း မွေးဖွားသူများကို မှတ်တမ်းယူခဲ့သည်ဟု စခန်းဥက္ကဋ္ဌ ဦးစောဝါးထီးကပြောသည်။

သက်ဆိုင်ရာ ရပ်ကွက်မှူးများက စတင်ကောက်ယူနေပြီးဖြစ်ကာ စက်တင်ဘာလ ရ ရက်နေ့ နောက်ဆုံးထား၍ စခန်းတာဝန်ရှိသူများထံ အပ်နှံရန် စီစဉ်နေပြီ ဖြစ်သည်။ ယင်းကဲ့သို့ကောက်ယူမှု ကြောင့် ထိုင်းအာဏာပိုင်များမှ စခန်းဖျက်သိမ်းမည်ကို ဒုက္ခသည်များစိုးရိမ်နေကြ သည်။

Most read this week