နယူးဒေလီ(မဇ္စျိမ) ။ ။ အင်းစိန်အကျဉ်း ထောင် တွင်း အခြေအနေများ တိုးတက်မှုရှိလာ ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ္ဂလူ့အခွင့် အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဂျေ ကွင်တားနားက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့ သည်ဟု ပါတီ ဗဟိုကော်မတီဝင် ဦးဝင်တင်က ပြောသည်။
“အကျဉ်းသား လွတ်ရေး ကိစ္စပြောတော့ သူက အကျဉ်းဌာနတွေကို သူလိုက်ကြည့်ခဲ့ပါတယ်တဲ့၊ အကျဉ်း သားတွေရဲ့ အခြေအနေတွေ ခါတိုင်းထက် တိုးတက်တာမြင်ပါတယ်တဲ့၊ အထူးသဖြင့်အင်းစိန် ထောင်မှာ တိုးတက်မှုတွေတွေ့ခဲ့တယ်၊ ခါတိုင်း အခြေအနေထက် အများကြီး တိုးတက်လာတယ်လို့ အကျဉ်းသားတွေ ကိုယ်တိုင်ကလည်းပြောပါတယ်တဲ့” ဟု ဦးဝင်တင်က ပြောသည်။
မစ္စတာ ကွင်တားနားနှင့် ပါတီ၏ ဗဟိုကော်မတီဝင်များ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိဒေါ်အောင် ဆန်းစုကြည်၏ နေအိမ်၌ ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီခွဲတွင် စတင်သည့် နာရီဝက်ကြာဆွေးနွေးစဉ်အတွင်း ပြောသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဆွေးနွေးမှုတွင် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးဉာဏ်ဝင်း၊ ဦးသောင်းထွန်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်၊ ဦးလှဖေ၊ ဦးဝင်းမြင့်နှင့် ဒေါ်မေဝင်းမြင့်တို့ တက်ရောက်ခဲ့သည်။
ဆွေးနွေးမှုအတွင်း မြန်မာ့နိုင်ငံရေးတွင် အခြေအတင်ဖြစ်စေသည့် အကြောင်းတရပ်ဖြစ်သော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကိုမူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်လည်း ရေရေရာရာ မပြောနိုင်ဟု ဦးဝင်းတင်က ပြောသည်။ "အထဲကလူတွေ လွတ်လာရင် ဆူဆူပူပူပြန်လုပ်မှာကို ဒီအစိုးရက စိုးရိမ်နေလို့
လွှတ်ဖို့ကိစ္စ တုံ့ဆိုင်းနေတယ်" ဟု သူကသုံးသပ်သည်။
ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)က ထုတ်ပြန်ခဲ့သော မေလ အထိစာရင်းအရ အင်းစိန်အကျဉ်းထောင်တခုထဲတွင်ပင် နိုင်ငံရေးအကျဉ်းသား ၄ဝဝ ရှိသည်။
NLD ဗဟိုကော်မတီများနှင့် တွေ့ဆုံမှုမတိုင်ခင်ကလည်း မစ္စတာ ကွင်တားနားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နာရီဝက်ကြာ သီးခြားတွေ့ဆုံခဲ့သေးသည်။သို့သော် NLD နှင့် ကွင်တားနာတို့ တွေ့ဆုံမှု အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မပြုသေးပါ။
တွေ့ဆုံမှုအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က မစ္စတာကွင်တားနား အပေါ် “မြန်မာနိုင်ငံရဲ့ လူမှုရေးအခြေအနေကို ကောင်းမွန်အောင် လုပ်ပေးချင်တဲ့စိတ်တကယ့်စေတနာ လည်းရှိတယ်ဒီဟာက သူ အင်မတန်မှ ကျွမ်းကျင်တဲ့ ကိစ္စရပ်လည်းဖြစ်လို့ သူ့ကိုတွေ့ရတာ အင်မတန်မှ အားလည်းတက်တယ်။ သူဟာ အင်မတန်မှ အားကိုးရမယ့် သူတယောက်လို့လည်း မြင်တယ်"ဟုပြော သည်။
ကိုယ်စားလှယ်တော်သည် ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်သို့ မနက်အစောပိုင်းတွင် သွားရောက် လေ့လာခဲ့သေးသည်။ နံနက် ၈ နာရီခွဲခန့်တွင် အင်းစိန်အကျဉ်းထောင်သို့ ရောက်ရှိခဲ့ပြီး ၁ နာရီခွဲခန့်တွင် ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း အကျဉ်းဦးစီးနှင့် နီးစပ်သည့် သတင်းရပ်ကွက်တခုက ပြောသည်။
“သူရောက်လာတဲ့အချိန်က အကုန်လုံး တန်းစီပြီးတော့ အဆောင်တွေ၊ တိုက်တွေ၊ တံခါးပိတ်ထားတယ်၊ ဘယ်မှမသွားရဘူး။၊ ထမင်းစာချိန်တောင်မပေးဘူး။ မလာခင်တပတ်လောက်ကတည်းက ဆေးတွေသုတ် ထုံးတွေသုတ်၊ သန့်ရှင်းရေးတွေလုပ်ထားပြီးသား၊ ဒီကနေ့ ဟင်းတွေလည်း အတန်အသင့် ကောင်းတယ်။” ဟု အဆိုပါသတင်းရပ်ကွက်က ပြောသည်။
ကုလ လူ့အခွင့်အရေး အရာရှိက သူ့ခရီးစဉ်နှင့် ပတ်သတ်ပြီး ကြာသပတေးနေ့တွင် သတင်းစာ ရှင်းလင်းပွဲ
ပြုလုပ်ပြီးနောက် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။