လွှတ်တော် အစည်းအဝေးများ တိုးတက်မှု အနည်းငယ်ရှိဟု အမတ်များပြော

လွှတ်တော် အစည်းအဝေးများ တိုးတက်မှု အနည်းငယ်ရှိဟု အမတ်များပြော
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။        ။ တနင်္လာနေ့တွင်စတင် ခဲ့သော ပထမသက်တမ်း ဒုတိယအကြိမ်  ပုံမှန် လွှတ်တော် အစည်းအဝေးတွင် နည်းပါးသည့် တိုးတက်မှုတချို့ တွေ့ရကြောင်း လွှတ်တော်တက် အမတ်အချို့က ထုတ်ဖေါ်ပြောဆိုကြသည်။

meetlotdaw1
အမတ်များက မတ်လ လွှတ်တော်အစည်းအဝေးများနှင့် နှိုင်းယှဉ်ကား ပြောကြားခြင်းဖြစ်ပြီးအစိုးရ အဖွဲ့ဝင်များမှ ကိုယ်ရည်သွေးဖြေကြားမှု နည်းပါးသွားခြင်း၊ အဖြစ်မှန်များကို ပြောဆိုလာခြင်း၊သတင်း စာဆရာများကို လွှတ်တော်တွင် တက်ရောက်သတင်းယူခွင့်ပြုခြင်းများကို ထောက်ပြပြော ဆိုကြသည်။

"အရင်တုန်းက အဘ (ဝန်ကြီးများ) တွေကတော့ သူတို့ ကိုယ်ရည်သွေးတဲ့အချက်တွေ သူတို့က စင်ပေါ်တက်တယ်။ နာရီဝက် တနာရီလောက်ကို သူတို့ မိန့်ကြားနေတာကို ကျနော်တို့နားထောင် နေရာတပေါ့၊ အခုကတော့ သူတို့ ထိုင်နေတဲ့နေရာကနေပဲ ဖြေစရာရှိတာဖြေပါတယ်။ကိုယ်ရည်သွေးတာ တွေ သိပ်မရှိတော့ဘူး" ဟု အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ပြောသည်။

အင်္ဂါနေ့က အမျိုးသားလွှတ်တော်တွင် ပြည်ထောင်စုအဆင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင်မှ ကျန်းမာရေးအသုံးစရိတ် မလုံလောက်ကြောင်း လွှတ်တော်တွင် ပြောဆိုသွားခြင်းကလည်း ပွင့်လင်းမှုတခုဟု ဦးဖုန်းမြင့်အောင်ကဆိုသည်။

"မနေ့က ကျန်းမာရေးဝန်ကြီးကလည်း သူတို့ ပိုက်ဆံ လိုသလောက်မရဘူးဆိုတာကို သိရတယ်။ တနှစ်စာ လုပ်ရင် ဘယ်လောက်ကုန်မယ်ဆိုတာလည်း ကျနော်တို့ကို ပြောလိုက်တယ်ဗျ။ ဆိုတော့ပြည်ထောင်စု အဆင့်က ဘဏ္ဍာရေး အခြေအနေတွေကို ကျနော်တို့သိရတာပေါ့။ အရင်တုန်းကတော့ ဒါမျိုးမရှိဘူးဗျ၊ နည်းနည်း ပွင့်လင်းလာတယ်။" ဟုဆိုသည်။

ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင်က တနှစ်အတွက် ကျန်းမာရေးအသုံးစရိတ်မှာ ကျပ်ငွေ သန်း ၈,ဝဝဝ လိုအပ်ပြီး ဝန်ကြီးဌာနမှရငွေမှာ သန်း ၃,၅ဝဝ သာရရှိခြင်းကြောင့် ပြည်သူ့ ကျန်းမာရေးအတွက် အားနည်းချက်များ ရှိနေကြာင်း အင်္ဂါနေ့ အမျိုးသားလွှတ်တော်တွင် ဝန်ခံသွားခဲ့သည်။

ထို့အပြင် အင်္ဂါနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်းကော်မတီအတွင်းရေးမှူး ဦးမောင်တိုးကနိုင်ငံတော် တရပ်လုံး၏ ရငွေ စုစုပေါင်း ပမာဏမှာ ၅၇၈၁. ရ၃၈ ဘီလျံ ဖြစ်ပြီး စုစုပေါင်း သုံးငွေ ပမာဏမှာ ရ၉၈၃.၁၈၈ ဘီလျံဖြစ်သည့်အတွက် ဘတ်ဂျတ်(ရသုံးမှန်းခြေ) လိုငွေပြမှုသည် ၂၂ဝ၁.၄၅ဝ ဘီလျံ ဖြစ်နေသည်ဟုပြောဆိုသွားကြောင်း ဧရာဝတီ သတင်းတပုဒ်တွင် ပါရှိသည်။

ပြည်သူ့လွှတ်တော်အမတ် ဦးကြည်မြင့်က "အရင်နဲ့ အခုက သိပ်တော့ ကွာခြားမှုတော့ မရှိပါဘူးဗျာ။ ဆွေးနွေးမှု ကတော့ မေးတဲ့လူက မေး ဖြေတဲ့လူက ဖြေပေါ့၊ ဒီလောက်ပါပဲ မီဒီယာတွေကလာတယ်လေ။ ဓါတ်ပုံတွေ ရိုက်လို့ ရတယ်၊ အသံဖမ်းလို့ရမယ် ဒါကတော့ တိုးတက်တယ်လို့ ယူဆရမှာပေါ့" ဟုဆိုသည်။

လွှတ်တော်တွင် တက်ရောက်သတင်းယူနေသော ပြည်တွင်းဂျာနယ်သတင်းထောက် တဦးက သတင်းအချက်အလက် စာရွက်စာတမ်းဖြင့် ဖြန့်ဝေမှုအားနည်းနေသေးသလို လုံခြံုရေးယူထားသည့် ရဲများက
စိုးရိမ်လွန်ကာ မျက်ခြေမပြတ် စောင့်ကြည့်လွန်းသည့်အတွက် စိတ်ပျက်စရာ ဖြစ်ရကြောင်း မဇ္ဈိမကို ပြောသည်။
meetlotdaw3
နိုင်ငံပိုင်မီဒီယာများကလည်း လွှတ်တော်အတွင်း ဆွေးနွေးချက်များအနက် နိုင်ငံတော်လိုငွေပြမှုနှင့် ကျန်းမာရေး အသုံးစရိတ် လျော့နည်းခြင်းဆိုင်ရာ ကိန်းဂဏန်းများနှင့် ပတ်သက်ပြီး ဆင်ဆာဖြတ် တောက်ထုတ်ပြန်ခဲ့သည်။ သတင်းစာဆရာအများအပြားက ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏ ကန့်သတ်မှုကြောင့်ဟု စွပ်စွဲပြောဆိုကြသည်။

ဆွေးနွေးချိန်နည်းလွန်းသည့်အတွက် ပထမအကြိမ် လွှတ်တော်အစည်းအဝေးများမှာ လူအများအကြား အလေး မထား လှောင်ပြောင်သရော်ပင် ပြုခဲ့ကြသလို ဝေဖန်မှုများလည်းရှိသည်။ ဇူလိုင်လထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်က ဦးသန်းမောင် (ဥပဒေအကြံပေး)၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားရာတွင် လွှတ်တော်အမတ်များ၏ တင်ပြချက်များမှာ ဒေသတွင်း လိုအပ်ချက်နှင့် ကိုက်ညီမှုမရှိဟု ဖော်ပြထားသည်။

ရန်ကုန်တိုင်းမ်၏ အဆိုပါဆောင်းပါးတွင်ပင် လွှတ်တော်အမတ် ဦးသိန်းညွန့်ကလည်း "ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ် လေးဦး ကွင်းဆင်းတယ်၊ ကျနော်တို့ကို မကူညီတဲ့အပြင် အနှောက်အယှက်ပေးတယ်၊ ပူးပေါင်းဆောင်ရွက်မှုမရှိဘူး၊ ဒီနေ့အထိ ဝန်ထမ်းဟောင်းတွေကတော့ အသွင်ပြောင်းခြင်းမရှိဘူး၊လွှတ်တော် ကိုယ်စားလှယ်ဆိုတာ အာဏာရပါတီက မဟုတ်ရင် အခုအချိန်ထိ အတိုက်အခံလို့ မြင်နေတယ်" ဟုပြောဆို ထားခဲ့သည်။

ယခုကျင်းပနေသော အစည်းအဝေးများတွင် လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်း ခွဲတမ်းဖြင့်တက်ရောက်နေ သည့် တပ်မတော်သားကိုယ်စားလှယ်များမှာ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကိစ္စရပ်များတွင် ဝင်ရောက်ဆွေးနွေးခြင်းမရှိဘဲ လေ့လာသူအဖြစ်သာ နေကြသည်ဟု အမတ်များက ပြောသည်။

မည်သည့်အတွက်ကြောင့် ဝင်ရောက်ဆွေးနွေးခြင်းမပြုသည်ကို သူလည်း မသိနိုင်ဘဲဖြစ်နေပြီး "သူတို့ကတော့ တပ်မတော်ရေးရာနဲ့ ကာကွယ်ရေးဆိုင်ရာတွေကျမှပဲ ပြောကြဆိုကြမယ် ထင်ပါတယ် အခု လောလောဆယ်တော့ မပြောသေးဘူး၊ အခု ပြည်သူ့ရေးရာ ကိစ္စတွေမှာတော့ လေ့လာတဲ့ သဘောပေါ့ အဲဒီလိုပဲနေကြပါတယ်" ဟု အမတ်တဦးက ဆိုသည်။

ဗုဒ္ဓဟူးနေ့ အမျိုးသားလွှတ်တော်တွင် စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ မှ ဦးထွန်းမြင့်မှ သစ်တောကြိုးဝိုင်း ဧရိယာအတွင်း ရောက်နေသည့် မိသားစုများ၏ သားသမီးများ ပညာရေးစဉ်းစားပေးရန် အဆိုကို ဆွေးနွေးခဲ့ကြသည်။

ဦးထွန်းမြင့်၏ ဆိုကို ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၈ မှ ဦးရှုမောင်က ဖြည့်စွက်ဆွေးနွေးရာ သစ်တောများ အတွင်း ကျောင်းများ ဆောက်လုပ်ပေးပါက သစ်တောဧရိယာများ ဆုံးရှုံးမည်ဖြစ်ကြောင်း အဆိုကို ကန့်ကွက်
ဆွေးနွေးခြင်းကြောင့် လွှတ်တော်မှ ဆက်လက်ဆွေးနွေးရန် မသင့်တော်ကြောင်း ဆုံးဖြတ်ခဲ့သည်။

ယင်းအပြင် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြဦး၏ ကျန်းမာရေး ကဏ္ဍတွင် တိုးတက်ရင်းနှီးမြှပ်နှံ ရန် အဆို၊ ဒေါက်တာမြင့်ကြည်၏ မြန်မာနိုင်ငံ၏ ပါရဂူဘွဲ့များအတွက် အရည်အသွေးမြင့်မားရေး အတွက် လုပ်ဆောင်ရန်အဆို တို့ကို တင်သွင်းခဲ့ကြပြီး၊ လွှတ်တော်မှ ဆက်လက် ဆွေးနွေးရန် သင့်မသင့်ကို ကြာသ ပေးနေ့တွင် ဆုံးဖြတ်မည်ဖြစ်သည်။

ဗုဒ္ဓဟူးနေ့ ပြည်သူ့လွှတ်တော် ဆွေးနွေးပွဲတွင် လသာမဲဆန္ဒနယ်မှ ဦးကြည်မြင့်၏ အင်္ဂါနေ့တွင်တင်သွင်း ခဲ့သည့် အဆိုနှစ်ခုဖြစ်သည့် ရင်းနှီးမြှပ်နှံမှုစရိတ် ကျဆင်းစေရန် သွင်းကုန်များနှင့် ပို့ကုန်တိုးတက်ပြီး စီးပွားရေး တိုးနှုန်းမြင့်မားမြန်ဆန်ရန် ပို့ကုန်ခွန်များ လုံးဝဖယ်ရှားရေး၊ စီးပွားရေး နှိုးဆွငွေကြေးကြိုတင်သုံး စွဲသမျှ ဘတ်ဂျက် ကာလတခုအတွင်း ပြန်လည် ဖြည့်တင်းသွားရန် စောင့်ကြည့်ထိန်းကြောင်းအဖွဲ့အစည်း တရပ် ထူထောင်လုပ်ကိုင်ရန် အဆိုတခုချင်းစီကို ပြည်သူ့လွှတ်တော်အမတ် ၃ ဦးစီမှကန့်ကွက် ဆွေးနွေး ခြင်းကြောင့် အဆိုကို ဦးကြည်မြင့်မှ ပြန်ရုပ်သိမ်းလိုက်သည်။

ဗဟန်း မဲဆန္ဒနယ်မှ ဒေါက်တာမောင်မောင်ဝင့် ၏ မြန်မာနိုင်ငံဆေးကောင်စီကို အစိုးရမဟုတ်သည့် လွတ်လပ်သော Professional Body အဖြစ် ရပ်တည်ခွင့်ပြုမိန့်နှင့် ဆေးပညာရှင်များ ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် လိုအပ်သော ဥပဒေ နည်းဥပဒေများ စီမံဆောင်ရွက်သင့်ကြောင်း အဆိုကို လွှတ်တော်က လာမည့်ရက်များအတွင်း ဆက်လက် ဆွေးနွေးမည်ဖြစ်သည်။

ယင်းအပြင် ကြံ့ဖွံ့ပါတီမှ ဦးအောင်သိန်းလင်းမှ မိဘပြည်သူများနှင့် ကျောင်းသားမိဘများ ပူးပေါင်း၍ ယိုယွင်းနေသော မူလတန်းကျောင်းဆောင်များ အဆင့်မြင့်တင်ခြင်းလုပ်ငန်း ပုဂ္ဂလိက အခြေခံမူလတန်း ကျောင်းများကို တည်ထောင်ခွင့်ပြုရေးအဆိုကို တင်သွင်းပြီး ထိုအဆိုကို လွှတ်တော်မှဆက်လက်ဆွေးနွေး ရန် သင့်မသင့်ကို ကြာသပတေးနေ့တွင် ဆုံးဖြတ်မည် ဖြစ်သည်။

ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်မှ တင်သွင်းသည့် ၁၉၂၆ ခုနှစ် တွင် ပြဋ္ဌာန်းခဲ့သည့် တရားရုံးများကို မထေမဲ့မြင်ပြုသည့် ဥပဒေကို ဖျက်သိမ်းရန် အဆိုကို တင်သွင်းခဲ့ပြီး လွှတ်တော်မှ ဆက်လက်ဆွေးနွေးရန်
သင့်မသင့်ကို ကြာသပတေးနေ့တွင် ဆုံးဖြတ်မည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်၏ မေးခွန်းများတွင် ဦးသိန်းညွန့်မှ မူလတန်းကျောင်းများတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက် သည့် ကဗျာနှင့် သင်ခန်းစာများ သင်ကြားခြင်းမရှိခြင်းကို မေးမြန်းခဲ့ရာ ပညာရေး ဝန်ကြီး ဒေါက်တာ မြအေးကဖြေကြားရာတွင် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ဗိုလ်ချုပ်နှင့် ပတ်သက်သည့်သင်ခန်း စာများ သင်ကြားခြင်းမှေးမိန် လာခဲ့သော်လည်း ယခုအချိန်တွင် ပြန်လည် ထည့်သွင်းသင်ကြားနေပြီဖြစ် ကြောင်း ဖြေကြားသည်။

ဗုဒ္ဓဟူးနေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကို နံနက် ၁ဝ နာရီတွင် စတင် ကျင်းပကာ အမျိုးသားလွှတ်တော်သည် ညနေ ၃ နာရီတွင် ပြီးဆုံးပြီး၊ ပြည်သူ့လွှတ်တော်သည် ညနေ ၄ နာရီတွင် ပြီးဆုံးသည်။

Most read this week