တာချီလိတ်တွင် ရေကြီး၊ “တာလော့” စျေးကြီးပိတ်ထားရ

တာချီလိတ်တွင် ရေကြီး၊ “တာလော့” စျေးကြီးပိတ်ထားရ
by -
အေးလဲ့

ချင်းမိုင် (မဇ္စျိမ) ။      ။ ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင် နှင့် တာချီလိတ် မြို့အကြားရှိ မယ်ဆိုင် တောင်ကျချောင်းမှ ရေလျှံတက်မှုကြောင့်တာချီ လိတ်မြို့ ရပ်ကွက် ၅ ခုတွင် ရေကြီးနေကြောင်း၊ နယ်စပ်စျေးကြီး ဟုဆိုနိုင်သည့် တာလော့စျေး နှင့် စာသင်ကျောင်း နှစ်ကျောင်း ကိုပိတ်ထား ရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက မိုးသည်းထန်ပြီးနောက် တာချီလိတ်မြို့ အရှေ့ဘက်ခြမ်း၊မယ်ဆိုင် ချောင်းနှင့် နီးစပ်သော ရပ်ကွက်များ ဖြစ်သည့် ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း(က)၊(ခ)၊ ဆမ်ဆိုင်း၊ မဲခေါင် ရပ်ကွက် များတွင် ရေနစ်မြုပ်နေသဖြင့် ဒေသခံများအဖို့ သွားရေး၊ လာရေး အခက်အခဲများနှင့် ကြံုတွေ့ နေရကြောင်းသိရသည်။

ပုန်းထွန် ရပ်ကွက်မှ မဖြူဖြူသွယ်က “ လမ်းမ မှာကို ပေါင် လောက်အထိ ရေရှိတယ်၊ တာလော့စျေးဆို ကုန်းမြင့်ပိုင်းလောက် ကျတဲ့ ဆိုင်ခန်းတွေကသာ ဖွင့်ထားတာ၊ ကုန်းနိမ့်ပိုင်းကဆိုင်ခန်းတွေပိတ်ထားရ တယ်။” ဟု ပြောသည်။

နယ်စပ် ဖြတ်ကျော် ခရီးသွားများ လာရောက်လည်ပတ်သည့် တာလော့စျေး ပိတ်ထားရသည်မှာ ၄ ရက် မြောက်နေ့ရှိပြီ ဟုလည်း ဆိုသည်။

တာချီလိတ်မြို့၏ အဓိကလမ်းမကြီး ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်း သည်လည်း အရင်ကတည်းက အပျက်အစီး များပြားသည့် အထဲ ယခု ရေလွှမ်းမိုးမှု ဖြစ်နေသောကြောင့် သွားလာရန် အန္တရာယ် ရှိသည်ဟု ဒေသခံများက ပြောသည်။

 “ဗိုလ်ချုပ်အောင်ဆန်းလမ်း မြုပ်တယ်၊ နဂိုကတည်းက လမ်းတွေက ပျက်နေတာကို ရေကလွှမ်းတော့ လူတွေက မမြင် မစမ်းသွားရတာ၊ ကားတွေ၊ ဆိုင်ကယ်တွေက ပျက်လိုပျက်၊ လူတွေက သွားရ၊လာရတာ ခက်ခဲတော့ စိတ်ညစ်တာပေါ့” ဟု အမည်မခံလိုသူ တာချီလိတ်မြို့ခံ တဦးက ပြောသည်။

မြို့တွင်းရှိ ရေစီး၊ ရေလာ မြောင်းများပိတ်ဆို့နေခြင်းကြောင့် ရေကြီးခြင်း ဖြစ်နိုင်သည် ဟုလည်းဒေသခံများ က ပြောသည်။ တာချီလိတ် မြို့ကို တောင်ပတ်လည် ဝန်းရံလျက်ရှိရာတွင် ယင်းတောင်များ၌သစ်တောပြုန်း တီးမှု ဖြစ်နေသောကြောင့် ယခုလို မြစ်ရေလျှံမူများ ဖြစ်နေရသည်ဟုလည်း ခန့်မှန်းပြောဆိုကြသည်။

“ ကျမထင်တာကတော့ သစ်တောပြုန်းတီးမူကြောင့် အများကြီးဆိုင်တယ် သစ်တောပြုန်းတီးတော့ မိုးတွေက မြေဆီနဲ့ တိုက်ရိုက်ထိတော့ မိုးရေတွေက ထိန်းမရတော့အထိ တလ ဟောကျတာ၊ အခုဆိုရင်မယ်ဆိုင် ချောင်းက အရင်ကထက်ဆာရင် တဝက်လောက်နီးနီး ကျန်တော့အောင်ကို ကျဉ်းသွားတယ်၊ချောင်းကျဉ်း သွားတော့ ရေစီးပိုလျှံတယ်၊ တခုခုဆို ရေလျှံတယ်” ဟု မဖြူဖြူသွယ်က ပြောသည်။၊

တာချီလိတ်မြို့၌ သြဂုတ်လနှင့် စက်တင်ဘာလများတွင် မယ်ဆိုင် မြစ်ရေလျှံမူကြောင့် ယခုကဲ့သို့ရေလွှမ်းမိုး သည့် အခက်အခဲများ နှစ်စဉ် ကြံုတွေ့နေရသည်ဟုလည်း ဒေသခံများထံမှ သိရသည်။

Most read this week