ချင်းမိုင် (မဇ္စျိမ) ။ ။ မြန်မာအတိုက်အခံ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံ ရေး လှုပ်ရှားသူ Anna Hazare ၏အိန္ဒိယနိုင်ငံ အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုကို ထောက်ခံကြောင်းပြောကြားခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည်က အကျင့်ပျက် ခြစားမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်လိုက်ပြီး Anna Hazare ကဲ့သို့ အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်သူများ ရှိနေသည့် အတွက် ကောင်းသည့် အချက်တချက် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“အကျင့်ပျက် ခြစားမှုတွေဟာ ဘာကြောင့် ကမ္ဘာအနှံ့ ပျံ့နှံ့ နေရတာလဲ” ဟု ဒေါ်ဆောင်ဆန်းစုကြည်က မေးခွန်း ထုတ်ခဲ့ပြီး “တဘက်မှာလည်း ကမ္ဘာတလွှား ပျံ့နှံ့နေတဲ့ ကောင်းတဲ့ အရာတွေ ရှိပါတယ်။ Anna Hazare လိုမျိုး သူတွေက အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်ရေး ကြိုးပမ်းနေတယ်ဆိုတဲ့ အချက်ကို ကြည့်ခြင်းအားဖြင့် ခံစားချက်တွေကို ထုတ်ဖော်ပြသလိုတဲ့ သူတွေရှိနေတယ် ဆိုတာကို သိနိုင်ပါတယ်” ဟု ပြောခဲ့သည်။
အိန္ဒိယနိုင်ငံမှ အသက် ရ၄နှစ် အရွယ်ရှိ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားသူ Anna Hazare သည် အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်၍ အစာငတ်ခံ ဆန္ဒပြခြင်း အပါအဝင် ဂန္ဒီလမ်းစဉ် လှုပ်ရှားဆန္ဒပြမှုများကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပြုလုပ်နေခြင်း ဖြစ်သည်။
သူ့ကိုအိန္ဒိယ အာဏာပိုင်များက သြဂုတ်လ ၁၆ ရက်နေ့တွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး အိန္ဒိယ မကြာခင်တွင် သူ့ကို လွှတ်ပေးတော့မည် ဖြစ်ကြောင်း ရိုက်တာ သတင်းဌာန၏ သတင်းတပုဒ်တွင် ဖော်ပြထားသည်။ အကျင့်ပျက် ခြစားမှုနှင့် ဆင်းရဲမွဲတေမှုများ ဖိစီးနေသည့် အိန္ဒိယနိုင်ငံတွင် သူ၏ လှုပ်ရှားမှုကို လူထုက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်က The Times of India သတင်းစာမှ သတင်းထောက်အား ရန်ကုန်မြို့၌ ပြောကြားခဲ့ရာတွင် လူတိုင်းလူတိုင်းသည် အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်၍ အလေးထား စိုးရိမ်ပူပန် သင့်သည်ဟု ဆိုခဲ့ပြီး အကျင့်ပျက်ခြစားမှုသည် လူ့အဖွဲ့အစည်းတွင် ကျယ်ပြန့်စွာ ပျံ့နှံ့လျက်ရှိနေကြောင်း မှတ်ချက်ပြုခဲ့သေးသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် The Times of India တို့ တွေ့ဆုံမေးမြန်းမှုကို Anna Hazare ဖမ်းဆီးခြင်း မခံရမီ ရက်အနည်းငယ် အလိုတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်နေသူများ အနေဖြင့် လှှုပ်ရှားမှုများကို ရပ်တန့်လိုက်ပါက မျိုးဆက် တဆက်ပြီး တဆက် ရုန်းကန် ရင်ဆိုင်နေရလိမ့်မည် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ “ကျမတို့အနေနဲ့ အကျင့်ပျက်ခြစားမှုကို အမြစ်ပြတ် ဖယ်ရှားနိုင်တဲ့ အချိန်ကို ဘယ်တော့မှ ရောက်လိမ့်မှာ မဟုတ်ပါဘူး” ဟု ဒေါ်စုက The Times of India သတင်းစာအား ပြောခဲ့သည်။
အိန္ဒိယနိုင်ငံရေး သမားများနှင့် လက်ရှိ အာဏာရ အိန္ဒိယ ကွန်ဂရက် ပါတီတို့ ပါဝင်နေသည့်သဘော ထားကွဲလွဲမှု ပဋိပက္ခများနှင့် ပတ်သတ်၍ မှတ်ချက်ပေးခဲ့ရာတွင် နှစ်ဘက်စလုံး အနေဖြင့် ပိုမိုကောင်း မွန်သည့် လူမှု အဖွဲ့အစည်းပေါ်ပေါက်ရေး၊ အိန္ဒိယနိုင်ငံအား ပိုမိုအင်အားကြီး ပိုမိုကောင်းမွန်သည့် နိုင်ငံတနိုင်ငံ ဖြစ်ပေါ်လာရေး စသည့် ရည်ရွယ်ချက်များ ရှိနေကြသည့်အတွက် ပဋိပက္ခ ဖြစ်ပွားစရာ မလိုဟု ဒေါ်စုက ဆိုခဲ့သည်။
“ရိုင်ဖယ် တလက်ယူပြီး အချင်းချင်း ပစ်နေကြတာထက် စာရင် ကောင်းပါတယ်” ဟု ဒေါ်စုကဒီမိုကရေစ ီစနစ်သည် ကွဲပြားခြားနားမှုများအား ဖြေရှင်းရန် အခွင့်အလမ်း တခုပေးနိုင်ကြောင်း ဆိုခဲ့သည်။
ထောင်ပေါင်းများစွာသော ထောက်ခံသူများသည် ပြုပြင်ပြောင်းလဲရေး လှုပ်ရှားသူ၏ ခြစားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲ စတင်ရန် အတွက် နယူးဒေလီရှိ အကျဉ်းထောင် အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်ဟု သောကြာနေ့ အစောပိုင်းက The New York Times သတင်းစာက ဖော်ပြခဲ့သည်။
The New York Times ၏ အစောပိုင်း သတင်းအရ Anna Hazare အား သောကြာနေ့ မနက်ပိုင်းတွင် “တီဟာ” အကျဉ်းထောင်မှ လွှတ်ပေးမည်ဟု သိရပြီး သူသည် မြို့တော် နယူးဒေလီမှ ဆန္ဒပြပွဲအား ဦးဆောင်လိမ့်မည်ဟု သိရသည်။ ယင်းတို့သည် ၁၅ရက်ကြာ လူထု အစာငတ်ခံ ဆန္ဒပြပွဲ ပြုလုပ်ရန် ရဲများနှင့် သဘောတူညီမှု ရထားကြောင်း သတင်းဆောင်းပါးက ဆိုသည်။
Hazare အား အင်္ဂါနေ့တွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်ပြီး သူသည် အကျဉ်းထောင်ထဲ၌ အစာငတ်ခံ ဆန္ဒပြမှု စတင်ခဲ့သည်။
နောက်ဆုံး သတင်းများအရ သူသည် တီဟာထောင်ကနေ လွတ်လာပြီးနောက် နယူးဒေလီရှိ Ramlila Ground တွင်အစာငတ်ခံ ဆန္ဒပြနေကြောင်း သိရပြီး “လွတ်မြောက်ရေး အတွက် ရုန်းကန်တိုက်ပွဲဝင်မှု ကတော့ စနေပါပြီ။ အကျင့်ပျက်ခြစားမှုကို အိန္ဒိယကနေ ဖယ်ရှားပစ်ရပါမယ်” ဟု ထောင်ကထွက်ထွက် ချင်း ပြောခဲ့သည်။