‘Crossing Salween’ ဇာတ်ကား လော့စ်အင်ဂျလိစ်တွင် ပြမည်

‘Crossing Salween’ ဇာတ်ကား လော့စ်အင်ဂျလိစ်တွင် ပြမည်
by -
မဇ္စျိမသတင်းဌာန

ချင်းမိုင်(မဇ္စျိမ) ။ ။ စစ်ပွဲများကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ကရင် မိန်းကလေးတဦး ၏ဘဝကို အခြေခံကာ ရိုက်ကူးထားသော ကြာချိန် မိနစ် ၂ဝ ရှိသည့် ‘Crossing Salween’ ဗီဒီယို ကားကို လာမည့် သောကြာ၊ စနေနှင့် တနင်္ဂနွေ နေ့များတွင် အမေရိကန်နိုင်ငံလော့စ်အင်ဂျလိစ် မြို့ Laemmle ပြဇာတ်ရုံတွင် ပြသမည်ဖြစ်သည်။

crossing-salween-filim-coverအိုင်းရစ်လူမျိုးထုတ်လုပ်သူ Gary Moore က စစ်ပြေးကရင်ဒုက္ခသည်များ၏ ဘဝနှင့် မြန်မာနိုင်ငံအတွင်းရှိ ယေဘုယျ လက်တွေ့ဘဝ များအား မီးမောင်းထိုးပြနိုင်လိမ့်မည်ဟု ဆိုသည်။

“ကျနော်တို့အနေနဲ့ ဒီ ဗီဒီယိုဇာတ်ကားဟာ အဲဒီ့ (မြန်မာနိုင်ငံ)က အခြေအနေ တွေကို ကမ္ဘာက ပိုပြီးသတိမူ လာမိစေဖို့ လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”  ဟု မကြာသေးခင်က Moore က မဇ္စျိမသို့ ပြောဆိုခဲ့သည်။

ဗီဒီယိုထဲတွင် အသက် ၁၁နှစ် အရွယ်ရှိ Mai ဟု ခေါ်ကြသည့် ကရင်ဒုက္ခသည်မလေး Ronnachai Mai Whittio က ရုပ်ရှင်ထဲတွင် အဓိက သရုပ်ဆောင်ထားသည်။ ဒါရိုက်တာ Moore က ဇာတ်ဆောင် မိန်းကလေးငယ်သည် သဘာဝကျကျ သရုပ်ဆောင်နိုင်ခဲ့သည်ဟုလည်း ဆိုသည်။

၂ဝဝ၈ ခုနှစ်က ဟောလိဝုဒ် ရုပ်ရှင်လောကတွင် အောင်မြင် ခဲ့သည့် “Slumdog Millionaire” ဇာတ်ကားအား ရိုက်ကူးရာ၌ ဒါရိုက်တာက ဆင်းရဲသားရပ်ကွက်ရှိ ကလေးငယ်များမှ ပါရမီရှိသူကို ရှာဖွေရွေးချယ်ပြီး ရိုက်ကူးခဲ့ သကဲ့သို့ပင် Moore သည် အဓိက ဇာတ်ဆောင် နေရာမှ သရုပ်ဆောင်ရန် အတွက် လက်တွေ့ဘဝထဲမှ သူများအား သရုပ်ဆောင်စေပြီး Mai ကို
ရွေးချယ် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ဒုက္ခသည်များနှင့် ပတ်သတ်၍ ဓာတ်ပုံပြပွဲ ခင်းကျင်း ပြုလုပ်ရန် တိုက်တွန်းခဲ့ကြစဉ်တွင် ရုပ်ရှင် ရိုက်ကူးသူက ၁၉၄၉ ခုနှစ်က စတင်ခဲ့သော ကမ္ဘာ့အကြာမြင့်ဆုံး ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေကြသည့် ကရင်ဒုက္ခသည်များ၏ ဆင်းရဲဒုက္ခအတွက် သူ့အနေနှင့် စိုးရိမ်ပူပန်ကြောင်းလည်း ပြောခဲ့သေးသည်။

သူသည် ထိုင်း-မြန်မာ နယ်စပ်သို့လည်း သွားရောက် လည်ပတ်ခဲ့ပြီး အိုင်ယာလန် နိုင်ငံသို့ ပြန်အရောက်တွင်
မြန်မာစစ်တပ်က ရွာကို မီးရှို့ပြီး ရွာသားများကို သတ်ဖြတ်ခဲ့မှုကြောင့် ထိုရွာမှ တောတွင်းသို့ ထွက်ပြေးခဲ့ရသည့် ကိုးနှစ်အရွယ်ရှိ ကရင် မိန်းကလေးငယ်ဖြစ်သည့် “Ko Reh” ၏ ဘဝဇာတ်ကြောင်းကို ထိုအမည်ဖြင့် ဝတ္ထုတို
ရေးခဲ့သေးသည်။

ကလေးငယ်သည် လျှို့ဝှက်ဆန်းကြယ်သည့် မုဆိုးတယောက်၏ အကူအညီဖြင့် ခက်ခဲကြမ်းတမ်းသော ခရီးကြမ်း ကို ဖြတ်သန်းကာ ထိုင်းနိုင်ငံနယ်စပ် လုံခြံုဘေးကင်းရာသို့ ရောက်ရှိသွားခဲ့သည်။

လော့စ်အင်ဂျလိစ် သည် Crossing Salween ဇာတ်ကားအား ယခု လောလောဆယ်အထိ နောက်ဆုံးပြသည် မည့်နေရာဖြစ်သည်။ ထိုဇာတ်ကားနှင့် ပတ်သတ်၍ အိုင်းရစ်ရုပ်ရှင် ဘုတ်အဖွဲ့မှ အကူအညီပေးခဲ့ပြီး အမေရိ ကန် နိုင်ငံရှိ ဖို့ဝိန်းမြို့နှင့် ဂျာမနီနိုင်ငံ ဘာလင်၊ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့နှင့် ကော့ခ်မြို့၊ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ရုပ်ရှင်ပွဲတော်များတွင်း ပြသခဲ့ကာ ချီးကျူးဂုဏ်ပြုမှှုများ ရရှိခဲ့သည်။

မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် အကြောင်းအရာ ရုပ်ရှင်ကားများသည် ဟောလိဝုဒ် ရုပ်ရှင်လောကနှင့် အလှမ်းဝေး သလို ရှိသော်လည်း “သံလွင်မြစ်ကို ဖြတ်သန်းခြင်း” Crossing Salween ကို ပြုလုပ်နေသူများက ယင်းတို့၏ ဗီဒီယို အတွက် ရင်းနှီးမြှုပ်နှံလိုသူများအား ရုပ်ရှင်ကားရှည် တကားအဖြစ် ရိုက်ကူးထုတ်လုပ်ရန် ငွေကြေးမတည်ပေးရေး ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

Mooreနှင့် အဖွဲ့သည် အချိန်ပြည့် ရုပ်ရှင်ဇာတ်ကားရှည် အဖြစ် ထုတ်လုပ်ရန် အတွက် အမေရိကန်ဒေါ်လာ ၂.၁ သန်း အထောက်အပံ့ ရရှိရန် ရှာဖွေနေလျက် ရှိပြီး ရုပ်ရှင်ဇာတ်ကားတိုကို အခြား ရုပ်ရှင်ပွဲတော်များတွင် ဆက်လက်ပြသရန် စီစဉ်ထားသည်။

ယခု နမူနာ ရုပ်ရှင်ဇာတ်ကားတိုနှင့် Moore ၏ ဒဗ္ဗလင် အခြေစိုက် ရုပ်ရှင် ကုမ္ပဏီ Red Rage မှချဲ့ထွင် ရိုက်ကူးရန်မျှော်လင့်ထားသည့်အချိန်ပြည့် ဇာတ်ကားရှည်တွင် နိုင်ငံရေးကို အဓိကမထားဘဲလူသားချင်းစာနာ မှု ကို အဓိကနောက်ခံထားကာ ရိုက်ကူးမည် ဖြစ်သည်။

Most read this week