ချင်းမိုင် (မဇ္ဈိမ)။ ။ အဖြူရောင်ရှပ်အကျႌများ ဝတ်ဆင်ထားသည့် လူငယ် သက်တော်စောင့်များ ခြံရံလျက်ဒေါ်အောင်ဆန်းစုကြည်သည်ရန်ကုန်မြို့ အပြင်ဘက်သို့ နေ့ချင်းပြန် နိုင်ငံရေးခရီးစဉ်ကို သွားရောက်ကာ သူ၏နိုင်ငံရေး လှုပ်ရှားနိုင်မှု အတိုင်းအတာကို စမ်းသပ်လိုက်သည်။
စာကြည့်တိုက် နှစ်ခုဖွင့်ပွဲနှင့် ထောင်ပေါင်းများစွာသော ရေဘေးဒုက္ခသည်များ အတွက် အလှူငွေပေးအပ်ရန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုုုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
ဆယ်စုနှစ်ပေါင်းများစွာ ပညာရေးစနစ် ယိုယွင်းခဲ့ရသော နိုင်ငံတွင် လူငယ်များ အရည်အသွေး မြှင့်ပေးရေး အတွက် ကြိုးပမ်းမှု တရပ်အနေဖြင့် သူ့ကို ဂုဏ်ပြု ထူထောင်ထားသော စာကြည့်တိုက်များကို အန်အယ်ဒီက ထူထောင်ထားခြင်း ဖြစ်သည်။
အောင်ဆန်းဂျာမွန်း စာကြည့်တိုက်များမှာ အရွယ်အစားအရ သေးငယ်သော်လည်း ထောင်ပေါင်းများစွာသော ကဗျာ၊ နိုင်ငံရေးမှသည် ဝတ္ထုစာအုပ်များ ငှားရမ်း ဖတ်ရှုနိုင်သည်။ စာကြည့်တိုက် ထူထောင်သူများကတော့လူငယ်များ အရက်ဆိုင်၊ ဘိလိယက်ခုံနှင့် ဗီဒီယိုဂိမ်း ကစားမည့်အစား စာဖတ်လာအောင် ဆွဲဆောင်နိုင်ရန် ရည်ရွယ်ထားသည်။
စာဖတ်ခြင်းသည် အရေးကြီးကြောင်းနှင့် လူငယ်များ စိတ်ဓာတ်ကြံ့ခိုင်ရေးသည်လည်း မည်မျှအရေးကြီး ကြောင်းဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲတွင် အလေးအနက်ထား ပြောကြားသွားသည်။ ကိုယ်တိုင်ပင် စာဖတ်သူတဦး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လူငယ်များနှင့် တွေဆုံခြင်းနှင့်မိန့်ခွန်းပြောကြားမှု ကို အဓိကပြုလုပ်ခဲ့သည်။
သို့သော်လည်း ခရီးစဉ်မှာ အစိုးရ၏ သဘောထားကို စမ်းသပ်ခြင်းတခုလည်း ဖြစ်သည်။ နိုဝင်ဘာလ ကတည်းကနေအိမ်အချုပ်မှ လွတ်မြောက်ကတည်းက ရန်ကုန်အပြင်ဘက်သွားလျှင်အကြမ်းဖက်မှုဖြစ် ပွားမှာကို စိုးရိမ်နေခဲ့ ကြသည်။
၂ဝဝ၃ ခုနှစ် မေလက ဒီပဲယင်းတွင် အစိုးရမှ ကြောထောက်နောက်ခံပေးထားသော လူမိုက်တစုကတိုက်ခိုက် ၍ အနညး်ဆုံး လူ ရဝ သေဆုံးပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင် ကံသီ၍ လွတ်မြောက်ခဲ့သည်။ သူလည်း အဖမ်းခံခဲ့ရပြီး နေအိမ်အကျယ်ချုပ် ကျခံရပြန်သည်။
နံနက် ၅ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မှထွက်ခွာပြီး ညနေ ၅ နာရီခန့်တွင် ပြန်ရောက်လာခဲ့သည့် ပဲခူးခရီးတိုမှာ အဆင်ပြေချော့မွေ့ခဲ့သည်။ စာကြည့်တိုက်ဖွင့်ခြင်း၊ ဘုန်းကြီးကျောင်းသွားခြင်းနှင့် ရေဘေးဒုက္ခသည်များကို ကူညီခြင်းများ ပြုလုပ်နိုင်ခဲ့သည်။
မြန်မာနိုင်ငံ ဒီမိုကရေစီအင်အားစု (FDB) အထွေထွေ အတွင်းရေးမှူး ဒေါက်တာနိုင်အောင်ကဒေါ်အောင်ဆန်း စုကြည် ခရီးစဉ်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံဆွေးနွေးပြီး ဖြစ်မြောက်လာသည့် အတွက် အာဏာပိုင်များနှင့် "ညှိညှိနှိုင်းနှိုင်း" လုပ်နေသည့်ဟန်ရှိသည်ဟု ဆိုသည်။
အတိုက်အခံခေါင်းဆောင်အနေဖြင့် အောက်ခြေပါတီဝင်များနှင့် လူထုကိုထိတွေ့ခြင်းသည်ကောင်းသည်ဟု ဆိုရင်းယခု ပထမဆုံးနိုင်ငံရေး ခရီးစဉ်၏ အောင်မြင်မှုမှာ လူဘယ်လောက် တွေ့ဆုံနိုင်လဲဆိုခြင်းနှင့်လူမှုရေး ကွန်ယက်များကို လက်တွေ့သဘောပါသော လမ်းညွန်မှုပေးနိုင်ခြင်းတို့ပေါ်တွင် မူတည်သည်ဟု သူကပြော သည်။
NLD ပါတီ ဒုဥက္ကဌ ဦးတင်ဦးက ပဲခူး့ နိုင်ငံရေးခရီးစဉ်မှာ အောင်မြင်မှုရှိပြီး အားရ ကျေနပ်သည်ဟုပြော သည်။
“ကျနော်က အရင်တုန်းက သူနဲ့အတူတူသွားခဲ့တဲ့ အခြေအနေထက် ပိုပြီး ထူးဆန်းမလားလို့တောင် ကျနော်ကအောက်မေ့တယ်။ လူထုက တော်တော်ကိုပဲ အားကိုးတကြီးရှိပြီးတော့ အခုလို ပထမဆုံးအကြိမ် နိုင်ငံရေး သဘောဆန်တဲ့ စည်းရုံးမှုထွက်လာတဲ့ ဟာဆိုလို့ ပိုမိုပြီးတော့ အားတက်သရောနဲ့ ကြိုဆိုကြတယ်” ဟု ဦးတင်ဦး ကပြောသည်။
“စပြီးထွက်ကတည်းကနေ အဆင်ပြေအောင်လုပ်ပေးထားတာက တလမ်းလုံး မော်တော်ပီကယ်တို့၊ ဘာတို့ ပဲခူးရောက်တဲ့အထိ ထိန်းသိမ်း ပေးတဲ့အတွက် ချောချောမောမောဖြစ်တယ်လို့ ယူဆရမှာပေါ့။ဟိုတုန်းက တော့ ကြံ့ဖွံတို့က မလာရ၊ မသွားရဆိုတာမျိုးတွေ ရှိခဲ့တယ်လေ။ ခုတော့ အဲဒီဟာနဲ့ ပတ်သက်တာချောချော မောမောအောင်မြင်ပါတယ်။ အားလုံးကတော့ ချောချောမောမောပါပဲ”ဟု သူက ဆက်ပြောသည်။
သနပ်ပင်မြို့မှ အောင်ဆန်းဂျာမွန်း စာကြည့်တိုက် နံနက်ပိုင်း ၉ နာရီခွဲချိန်က ဖွင့်လစ်ခဲ့ပြီးနောက် ပဲခူးမြို့ ဥက္ကဋ္ဌ ဦးမြတ်လှ၏ နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောရာ လူ ၃,ဝဝဝ ကျော်ကလာရောက်ခဲ့ သည်ဟု သိရသည်။
ထို့ပြင် ပဲခူးတိုင်းမှ ရှေ့နေကွန်ယက်အဖွဲ့များနှင့်လည်း တွေ့ဆုံခဲ့ရာ အဓိကအားဖြင့် ဥပဒေအရအကျိုး ဆောင်ပေးနေသော ဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ အခက်အခဲများကို ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့ကြသည်ဟုသိရသည်။
“များသောအားဖြင့် ဥပဒေစိုးမိုးရေးဆိုတဲ့အပိုင်းမှာ အထူးသဖြင့် လယ်ယာမြေ ကိစ္စနဲ့ ပတ်သက်လို့အာဏာ ပိုင် အဖွဲ့အစည်းမှာ ရှိနေတဲ့ သြဇာရှိတဲ့ မြို့နယ်၊ ကျေးရွာတွေမှာလုပ်နေတဲ့လူတွေက မြေယာတွေ ယူထား၊ သိမ်းထားတာတွေ တော်တော်များများ ပါတယ်။ အဲဒါနဲ့ ပတ်သက်အားလုံးကို ဥပဒေနဲ့အညီလုပ်ကိုင်ပေးနေ တဲ့ဆိုတာတွေ တင်ပြကြတယ်” ဟု ဦးတင်ဦးက ပြန်ပြောပြသည်။
နံနက်ပိုင်းတွင် ပဲခူးမြို့ သံသနာ့မာန်တိုင် ကျောင်းတိုက်မှ ဆရာတော်နှင့် သံဃတော် အပါး ၂ဝဝ ခန့်ကိုလည်း ပစ္စည်းများ လှူဒါန်းခဲ့သေးသည်ဟု ဦးတင်ဦးက ပြောသည်။
“ကျနော်က လူသားတွေအတွက် သူရဲကောင်းတယောက်လို လက်ခံ အသိအမှတ်ပြုပြီးတော့ လေးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရတဲ့အတွက် ကျနော်က လူဖြစ်ရကျိုးနပ်သွားပြီလို့ နည်းနည်းပြောချင်ပါ တယ်ခင်ဗျာ” ပဲခူးမြို့သား တဦးကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ပဲခူးမြို့ရှိ အနောက်ရွှေနံ့သာကျောင်းတိုက်တွင် ရေဘေးဒုက္ခသည်များကိုအားပေး စကား ပြောကြားပြီးနောက် မြန်မာစံတော်ချိန် ၃ နာရီချိန်တွင် ရန်ကုန်မြို့သို့ ပြန်လာခဲ့သည်။ညနေ ၅နာရီခွဲ ချိန်တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်သို့ ရောက်ရှိသည်။