နယူးဒေလီ(မဇ္စျိမ) ။ ။ ပဲခူးတိုင်းအတွင်း လက်ရှိ ရေလျှံမှု စိုးရိမ်အမှတ်ထက် ၄၂ စင်တီမီတာကျော် လွန်ပြီး ၉၅၂ စင်တီမီတာအထိ ရောက်ရှိနေသော် လည်း စာကြည့်တိုက် နှစ်ခုဖွင့်ပွဲသို့ဒေါ်အောင်ဆန်း စုကြည်မှ မူလ စီစဉ်ထား သည့်အတိုင်း လာမည့် တနင်္ဂနွေနေ့တွင် သွားရောက်မည် ဖြစ်သည်။
“သွားဖို့ပဲ ပြင်ဆင်ပါတယ်။ သွားလို့ ရ၊ မရဆိုတာ တနင်္ဂနွေနေ့ကျမှ သိမယ်လေ။ ကြားထဲမှာ နှစ်ရက်တောင် ရှိသေးတာကိုး” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
ရန်ကုန်မှနေ၍ ပဲခူးမြို့နယ်သို့ လာရောက်နိုင်သည့် လမ်းနှစ်သွယ်ရှိရာ ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းမကြီးနှင့် ရန်ကုန် - ပဲခူး - မန္တလေးလမ်းဟောင်းတို့ ဖြစ်သည်။ ယခုအချိန် ရန်ကုန်-ပဲခူး ကားလမ်းမပေါ် ၃ ဖာလုံခန့် ရေကျော်နေမှုကြောင့် အဆိုပါ ကားလမ်းတွင် ကားငယ်များ သွားလာ၍ မရဘဲရှိနေသည်ဟု ဒေသခံများက ဆိုသည်။
လက်ရှိ အနေအထားအရ ပဲခူးရေကြီးမှု အခြေအနေများနှင့် ပတ်သတ်၍ NLD ရန်ကုန်ဗဟိုမှ လမ်းကြောင်း စီစဉ်ရေး အဖွဲ့များက လာရောက်စစ်ဆေးနေကြသည်ဟု သိရသည်။
“ ပဲခူး - ရန်ကုန် - မန္တလေးလမ်းမကြီး၊ လမ်းဟောင်းပေါ့နော်။ အဲဒီလမ်းဟောင်းကနေ ရေကျသွားမယ် ဆိုလို့
ရှိရင်တော့ အန်တီက အဲဒီလမ်းက လာမှာ။ ရေကမကျဘူး၊ လာမယ့်နေ့ထိ ရေကရှိနေမယ်ဆိုရင်တော့ ရန်ကုန် - နေပြည်တော်အမြန်လမ်းမကြီးကနေ ဘောနက်ကြီးလမ်းကြောင်းအတိုင်း ဘုရားကြီးကျေးရွာဘက်ကနေ တဆင့် ပဲခူးကို ဆင်းလာလိမ့်မယ်” ဟု ပဲခူးတိုင်း NLD လူငယ် ကိုဂျမားက ဆိုသည်။
ပဲခူးမြို့ပေါ်ရှိ ပန်းလှိုင် ၂၃ လမ်းနှင့် သနပ်ပင်မြို့ မင်းလမ်းတို့တွင် ဖွင့်လှစ်မည့် အောင်ဆန်းဂျာမွန်း စာကြည့်တိုက်များ၌ စာအုပ်ပေါင်း ၄,ဝဝဝ ကျော်ရှိပြီး ပဲခူးဒေသခံများမှ လှူဒါန်းသည့် စာအုပ်များဖြင့် တည်ဆောက်ထားခြင်းဖြစ်ကာ စာကြည့်တိုက်တခုစီအတွက် ကုန်ကျစရိတ်မှာ ကျပ်ငွေ ၁ဝ သိန်းကျော် ရှိသည်။
ခရီးစဉ် လုံခြံုရေးအစီအစဉ်များနှင့်ပတ်သတ်၍လည်း အာဏာပိုင်များနှင့် သြဂုတ်လ ၈ ရက်နေ့က တွေ့ဆုံ
မေးမြန်း ညှိနှိုင်းမှုများရှိခဲ့ပြီး ခရီးစဉ်တွင်း လုံခြံုရေးကိုမူ NLD မှပင် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
“ကျနော်တို့ ပဲခူးမှာ အာဏာပိုင်အဖွဲ့အစည်းတွေပေါ့။ ရဲတို့၊ တခြားအဖွဲ့အစည်းတွေ တော်တော်များများ ကျနော်တို့ဆီကို ဆက်သွယ်လာတာ ရှိပါတယ်။ သူတို့ကလဲ ဝိုင်းဝန်းပြီးတော့ လမ်းကြောင်းမှာ အနီးကပ်တော့ မဟုတ်ဘူးပေါ့နော် လုံခြံုရေးအတွက်ပေါ့” ဟု ပဲခူး NLD လူငယ်တာဝန်ခံ ကိုကျော်ဝင်းမှ မဇ္စျိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးမြို့သို့ အရောက်တွင် ရွှေမော်ဓော ဘုရားအား ပထမဆုံး ဖူးမြော်လိမ့်မည်
ဖြစ်ကြောင်း ပဲခူး NLD လူငယ်တဦးမှ ဆိုသည်။
ခရီးစဉ်အတွင်း ပြည်တွင်းအခြေစိုက် သတင်းစာဆရာများလည်း လိုက်ပါ သတင်းယူကြမည် ဖြစ်ကာ ယာဉ်တန်းတွင် ကားအစီးပေါင်း ၂ဝ ခန့်အထိ ဖြစ်လာနိုသည်ဟု ခန့်မှန်းထားကြသည်။
လာမည့် သောကြာနေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ဦးမှာဖြစ်ကာ တချိန်တည်းမှာလိုပင် နေပြည်တော်၌ ပြည်ထောင်စုအစိုးရက ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်သည်။
NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က နေအိမ် အကျယ်ချုပ်မှ လွတ်လာအပြီး ရန်ကုန်ပြင်ပ ခရီးစဉ်များအဖြစ် သားငယ် ကိုထိန်လင်းနှင့်အတူ မိသားစု ဘုရားဖူးခရီးစဉ်အဖြစ် မြန်မာ့ ရှေးဟောင်းမြို့တော် ပုဂံသို့ ဇူလိုင်လအတွင်းက သွားရောက်ခဲ့သေးသည်။